အရိုင်းစံပယ်

အောင်လင်း


ယမန်နေ့မှအဆက်


“သဘာဝဘွဲ့သာမဟုတ်ဘူး၊ ဘုန်းတော် ဘွဲ့သီချင်းတွေကိုက ပြောင်မြောက် တယ်။ ဒါကို ဝေဖန်စဉ်းစားကြည့်မယ် ဆိုရင်   မြဝတီမင်းကြီးဟာ   တကယ့် 
မျိုးချစ်သူရဲကောင်းကြီးဖြစ်လို့ပဲ။ ဒါတင် မကဘူး၊   သူဟာ   သူ့အရှင်သခင်ကို တကယ်ကြည်ညိုတယ်။ လေးစားတယ်။ သူ ကြည်ညိုလေးစားတဲ့အတိုင်း  ဖွဲ့ဆို တဲ့ ဘုန်းတော်ဘွဲ့တွေဟာလည်း ပြောင် မြောက်တာပဲ။ ဒါပေမဲ့ မြဝတီမင်းကြီး ရေးတဲ့   ဘုန်းတော်ဘွဲ့ထဲက  ကျုပ်အား အရဆုံးသီချင်းကတော့   ဂီတအနုပညာ လောကမှာ နာမည်ကြီးနေတဲ့ ကုန်းဘောင် နေမင်းပတ်ပျိုးပဲ။     အမှန်က မြဝတီ မင်းကြီးဟာ  ဒီသီချင်းကို  ထောင်ထဲက    စပ်တာပဲ။  ဘုရင်အမျက်တော်ပြေအောင် ဆိုပြီး သူ့ဘဝလွတ်မြောက်ရေးအတွက် စပ်ဆိုတဲ့ ဒီသီချင်းကို ကျုပ်နည်းနည်းမှ အရသာခံလို့မရဘူး။ ကျုပ်မှားချင်လည်း မှားမယ်။    ဒါပေမဲ့   တကယ်စဉ်းစား ကြည့်ရင်     ဒီကုန်းဘောင်နေမင်းဟာ စာသားရော  အသံရော  ကျုပ်တစ်ခုမှ အရသာခံလို့မရဘူး။   မြဝတီမင်းကြီး ရေးစပ်ခဲ့တဲ့ သီချင်းတွေမှာ ဒီသီချင်းဟာ အညံ့စားထဲကပါတယ်ဆိုတာ  အလွယ် တကူ  ဆုံးဖြတ်လို့ရတယ်။  စာသားက လည်း     ဘာမှ    မပြောင်မြောက်ဘူး။ ကုန်းဘောင်နေမင်း     ဘုန်းရောင်ငေရှင်း သောင်းဒီပါထိန်ထိန်လင်းဆိုတဲ့ စာသား မျိုးဟာ မင်းကြီးရေးတဲ့ ဇေယျာရွှေမြေ ထောင်ရောင်နေတို့နဲ့စာရင် တော်တော် လေး   ကွာခြားနေတယ်။   စာသားတင် မဟုတ်ဘူး၊    အသံအဖွဲ့အနွဲ့ကလည်း ရိုးတယ်၊    စင်းတယ်။  ဥပမာ... ကုန်းဘောင်ပရမေနဲ့ နှိုင်းယှဉ်ကြည့်ရင် သူက ကလေးကစားသလို ဖြစ်နေတယ်။ အဲဒီတော့ ကျုပ်စဉ်းစားကြည့်တယ်။ ကုန်းဘောင် ပရမေသီချင်းကပဲ ထောင် ထဲကရေးတာ ဖြစ်မလားလို့ တွေးကြည့် တယ်။   သီချင်းကြီးစာအုပ်တွေထဲမှာ လည်း မူကွဲနေတယ်။ ပြီးတော့ တချို့က ကုန်းဘောင်ပရမေသီချင်းက   ထောင် ထဲကနေပြီး   ရေးစပ်တာလို့   ပြောကြ တယ်။ ဒါပေမဲ့ ကျုပ်မယုံဘူး၊ နီးစပ်ပြီး ဖြစ်နိုင်တာက     ကုန်းဘောင်နေမင်း ပတ်ပျိုးကို  ထောင်ထဲက  စပ်တာဖြစ်ရ မယ်လို့ ထင်မိတယ်။ ဒီတော့ ကျုပ်ဆိုလို တဲ့အဓိပ္ပာယ်ကို   ပြန်ပြီးချုပ်ရဦးမယ်။ စာဆိုတစ်ယောက်ဟာ   ကိုယ့်ဘဝရဲ့ လွတ်မြောက်ရေးအတွက် ရေးစပ်ရတဲ့ သီချင်းဖြစ်လျက်သားနဲ့    ဘာကြောင့် မပြောင်မြောက်တာလဲ။ ဒါကို ပြန်စဉ်း စားကြည့်လိုက်ရင်တော့   ခံစားချက်ပဲ။ မင်းကြီးဟာ သူ့ခံစားချက်အရ ဘုန်းတော် ဘွဲ့တွေရေးခဲ့တယ်။ အဲ့ဒီဘုန်းတော်ဘွဲ့ တွေဟာ သူ့ရဲ့ ပင်ကိုစေတနာအတိုင်း ရေးခဲ့တဲ့အတွက် ပြောင်မြောက်တယ်။ ဒါပေမဲ့   သူ့လွတ်မြောက်ရေးအတွက် ရေးတဲ့  ဘုန်းတော်ဘွဲ့ကျတော့  ပြောင် မြောက်သင့်သလောက် မပြောင်မြောက် တော့ဘူး။ ဒါဟာ ခံစားချက်အရ မူမမှန် လို့ပဲ။     သူ့ကို   အပြစ်မပေးသင့်ဘဲ ပေးတယ်လို့ထင်နေတဲ့ ဘုရင့်ရဲ့ဘုန်းတော် ကို ဖွဲ့ရာမှာ စိတ်မပါလို့ ဖြစ်ချင်လည်း ဖြစ်မယ်၊ ဒါမှမဟုတ်ရင်လည်း သူကိုယ် တိုင် သူ့လွတ်မြောက်ရေးအတွက် သူ မယုံကြည်ဘဲ သူ့အနုပညာကို အသုံးပြုရ တဲ့အတွက်  ဖြစ်ချင်လည်းဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် အနုပညာဟာ လိမ်လို့မရ ဘူးဆိုတာတော့ ထင်ရှားနေတာပဲ”
ကိုဘခက်သည် ကရားမှ ရေလွှတ် သလို မနားတမ်း ဂီတရှင်းတမ်းကို ဆက်တိုက်ပြောလိုက်သည်။ ‘မ’ကမူ ပါးစပ်အဟောင်းသားနှင့် နားထောင်၍ နေရှာသည်။ ‘မ’ သည် ကိုဘခက်၏ စကားကို နားထောင်ရင်း ကြည်ညိုမဆုံး ရှိတော့သည်။
ကိုဘခက် ပြောလိုက်သောစကားထဲ တွင် အနုပညာအကြောင်းသက်သက်ဟု ထင်ရသော်လည်း ထိုအကြောင်းသာမက လူ့စိတ်သဘောလည်း ပါသည်။ အနု ပညာနှင့်  ဘဝ၏  ဆက်စပ်ပုံလည်း ပါသည်။ အနုပညာတစ်ရပ်သည် မှန်ကန် သောခံစားချက်မှ ထွက်ပေါ်လာပုံလည်း ပါသည်။ အဘိဓမ္မာသဘောအရလည်း အနုပညာတစ်ရပ်သည်  လိမ်လည်၍ မရသောအကြောင်းလည်း ပါသည်။ ‘မ’ သည် တစိမ့်စိမ့်တွေးရင်း ကိုဘခက်၏ ဆိုလိုရင်းအဓိပ္ပာယ်ကို  ပို၍  သဘော ပေါက်လာသည်။
ကိုဘခက်ကမူ သူပြောလိုသော စကား များကို ပြောနေရသောကြောင့်လားမသိ၊ စားပွဲပေါ်တွင်     အသင့်ငှဲ့ထားသော ရေနွေးကြမ်းကိုပင်  သောက်ရန် သတိ မရ။ ဆေးပေါ့လိပ်ကိုသာ တွင်တွင်ဖွာ၍ နေတော့သည်။ ‘မ’ က လက်ဖက်ရည် ပန်းကန်ကိုယူ၍ ကိုဘခက်ကို ပေးလိုက် သည်။
“ရေနွေးကြမ်းသောက်ပါဦး ဆရာ၊ အေးတောင်ကုန်ပြီ”
ကိုဘခက်သည် ‘မ’ ပေးသော လက်ဖက်ရည်ပန်းကန်ကိုယူ၍    တစ် ကျိုက်တည်းနှင့် မော့လိုက်သည်။ ‘မ’ သည် ကိုဘခက်၏အပြုအမူကို အထူး အဆန်း ကြည့်နေမိသည်။ ဆရာတစ် ယောက်အနေဖြင့် ကိုဘခက်ကို လေးစား ကြည်ညိုမိသော်လည်း ကိုဘခက်ကို ‘မ’ အနေနှင့် မည်သို့မျှ အကဲခတ်၍မရပေ။ ကိုဘခက်၏ပညာ၊    ကိုဘခက်၏ဘဝ စသည်တို့ကို တွေးကြည့်မိသော်လည်း ခန့်မှန်း၍   မရပေ။     ဒါတင်သာမက ကိုဘခက်သည်     ဘယ်လိုလူစားမျိုး ဖြစ်သည်ကိုပင် ‘မ’ အနေနှင့် အကဲခတ် ၍မရသေးပေ။  စိတ်မထင်လျှင်  ဘုပြော တတ်သောသူဖြစ်သည်။    တစ်ခါတစ်ရံ မမျှော်လင့်သည်ထက် သူက စိတ်ရှည်၍ နေတတ်သည်။ မေး၍ ပြောချင်မှပြော တတ်သည်။   ပြောမည့်ပြောပြန်တော့ လည်း  နားထောင်ရသူကပင်  အားနာ ရလောက်အောင်  စိတ်ရှည်လက်ရှည် ပြော၍ပြတတ်သည်။
ယခုလည်း  ‘မ’ က သူသိလိုသော အကြောင်းကို မရဲတရဲမေးလိုက်မိသည်။ သို့မေးလိုက်မိသော်လည်း   ကိုဘခက် ဘုပြောလိုက်မည်ကိုလည်း စိုးရိမ်မိသေး သည်။ ယခုမူ ကိုဘခက်က သူသိလိုသော အကြောင်းများကို  စိတ်ရှည်လက်ရှည် ပြောပြနေသည့်အတွက် ‘မ’ မှာ အံ့သြ နေမိသည်။ ကိုဘခက်သည် ‘မ’ ကို အကဲ ခတ်သလိုကြည့်ရင်း မေးလိုက်သည်။
“ခင်ဗျားက ဒီဘက်မှာ တော်တော် ဝါသနာကြီးသားပဲ။ အစက ကျွန်တော် ခင်ဗျားကို  ဒီလောက်ဝါသနာပါတယ်ကို မထင်ဘူး။ အပျင်းပြေ အပျော်တီးဖို့ လောက်ပဲ သင်တယ်မှတ်တာ။ ခုတော့ ခင်ဗျားက တော်တော်စိတ်ဝင်စားသားပဲ”
“ဆရာက ‘မ’ ကို အစက ဘယ်လိုထင် လို့လဲ။   ခပ်ပေါ့ပေါ့လေ့လာတယ်လို့ ထင်သလား။ ‘မ’ အလုပ်တစ်ခုခုကို ခပ်ပေါ့ပေါ့   သဘောမထားတတ်ဘူး။ အပျော်လည်း မလုပ်တတ်ဘူး။ တကယ် ဝါသနာပါမှ လုပ်ချင်တယ်။ ဝါသနာမပါ တဲ့အလုပ်ကိုလည်း လုပ်ကိုမလုပ်ချင် ဘူး”
ကိုဘခက်သည် သူ၏မခံချင်စိတ် ကလေးကို ကျိတ်၍ ကျေနပ်မိသည်။
“ကျုပ်တွေ့ဖူးတာတော့ ခေတ်ပညာ တတ်   လူကုံထံသားသမီးတွေဟာ ဂီတပညာကို  မိတ်ဆက်လို့ကောင်း အောင်သာ လိုက်စားတာများတယ်။ တချို့ လူကုံထံမျက်နှာကြီးအိမ်တွေမှာ ဆိုရင် မှန်စီရွှေချစောင်းကြီးကို ဧည့်ခန်း မှာ တင်ထားတတ်တယ်။ ဒါပေမဲ့ ဟန်ပြ ပဲ၊ တကယ်တမ်းကျတော့ ဒီစောင်းကြီး ကို သူတို့တီးတာလည်း မဟုတ်ဘူး။ စောင်းပညာရဲ့ တန်ဖိုးလည်း မသိ။ စောင်းသံရဲ့ အရသာလည်း မသိဘူး။ ဒါပေမဲ့ အိမ်မှာ အလှပြအနေနဲ့ ဒီစောင်း ကြီးကို တင်ထားတယ်။ တကယ်ဆိုတော့ ဒီစောင်းကြီးဟာ   သူတို့ဧည့်ခန်းမှာ ချိတ်ထားတဲ့ သမင်ချိုလောက်တောင် တန်ဖိုးမရှိဘူး။ သမင်ချိုကမှ အင်္ကျီတို့၊ ဦးထုပ်တို့ ချိတ်ရသေးတယ်။ သူတို့ဧည့် ခန်းမှာရောက်နေတဲ့ ဒီစောင်းကြီးဟာ အမှန်တော့ နှမြောစရာတောင်ကောင်း သေးတယ်။ ပန်တျာကျောင်းကိုဖြစ်စေ၊ အရပ်ထဲက ပညာသည်တွေ ဝါသနာအိုး တွေကိုပဲဖြစ်စေ အဲဒီလူကုံထံအိမ်က မတီးဘဲထားတဲ့စောင်းကြီးကို ပေးပစ်ဖို့ ကောင်းတယ်။ ကျုပ်တစ်ခါက သူဌေး အိမ်ကို ရောက်ဖူးတယ်။ အဲဒီအိမ်မှာ စောင်းကြီးတစ်လုံး  သွားတွေ့တယ်။ တော်တော်ကို ကောင်းတယ်။ ဘယ်သူ တီးလဲဆိုတော့ ဘယ်သူမှလည်း မတီး ဘူး။ လှလို့ဝယ်ထားသတဲ့။ ဒါနဲ့ အတီး ခိုင်းလို့ ကိုင်ကြည့်လိုက်တော့ ကြိုးမရှိ ဘူး၊ သမင်ရည်ကလည်း ပေါက်လို့၊ ပျက်စီးနေတယ်။  ကျုပ်စိတ်ထဲမှာ တော်တော်ခံပြင်းမိတယ်။ ဒါနဲ့ ခင်ဗျား တို့စောင်းကြီး အိမ်မှာ ဘာမှအသုံးမချရင် ရောင်းပါလို့ ပြောမိတာနဲ့ အဲဒီသူဌေးနဲ့ ကျုပ်   အကြီးအကျယ်စကားများရတယ်။ ကျုပ်တွေ့ဖူးတဲ့      လူကုံထံတွေဟာ အိမ်မှာ  စန္ဒရားတို့၊ စောင်းတို့၊ စောင်း ကောက်တို့  ထားပေမယ့်  အမှန်တော့ ဂီတပညာကို မြတ်နိုးကြတာမဟုတ်ဘူး။ တန်ဖိုးကို တကယ်သိကြတာမဟုတ်ဘူး၊ အလှပြဖို့သက်သက်ထားတာပဲ။ ဒီအိမ် ကို ရောက်စက ကျုပ် ဒီလိုပဲထင်တယ်။ ဂီတပညာကို သင်ပေးရမယ်ဆိုပေမယ့် တကယ်စိတ်ဝင်စားပြီး သင်မယ့်လူ ရှိမှာ မဟုတ်ဘူးလို့ ထင်တယ်။     ခုတော့ တကယ်သင်ပေးရမယ့်လူတွေ့လို့ ကျုပ် တော်တော်ဝမ်းသာတယ်။ နို့မို့ရင် ကျုပ် ဟာ ဒီအိမ်မှာ အလုပ်ကိုရှိမှာမဟုတ်ဘူး”
‘မ’ သည် ကိုဘခက်အား သွားကလေး များပေါ်အောင် ပြုံး၍ကြည့်နေလိုက် သည်။
ကိုဘခက်ပြောပုံသည်    ရှင်းလင်း ပြတ်သားလှပေသည်။ 
“ဒါဖြင့် ဆရာ ဒီအိမ်မှာ သင်မယ့်လူ မရှိရင် ဘယ်လိုလုပ်မလဲ”
“သင်မယ့်လူမရှိရင် ကျုပ် ဒီမှာမနေရုံ ဘဲရှိတယ်။ ဘုရားစောင်းတန်းသွားပြီး ပြန်စရိတ်ရအောင်  တယောထိုးပြီး တောင်းရမှာပေါ့”
‘မ’ သည် ရုတ်တရက် အသံထွက် အောင် ရယ်လိုက်မိသည်။ သို့ရယ်လိုက် သော်လည်း ကိုဘခက်ပြောသောစကား ကို လှောင်ပြောင်လို၍  မဟုတ်ပေ။ ကိုဘခက်ပြောပုံကို သဘောကျမိသဖြင့် ရယ်လိုက်ခြင်းဖြစ်လေသည်။
ကိုဘခက်သည် သူပြောသောစကား အတိုင်း   တကယ်လုပ်မည့်လူဖြစ် ကြောင်းကိုလည်း ‘မ’ က ယုံကြည်မိ သည်။ 
“ဆရာ ... အလုပ်တစ်ခုခုလုပ်ပါလား ဆရာ” 
“အခုလုပ်နေတာ အလုပ်မဟုတ်ဘူး လား”
ကိုဘခက် ပြန်မေးလိုက်သောစကား ကို ‘မ’ ကိုယ်တိုင် မည်သို့ပြန်ဖြေရမှန်း မသိအောင် ကြောင်၍သွားသည်။
“မဟုတ်ဘူးလေ၊ ‘မ’ မေးတာက          စီးပွားရေးအလုပ်တစ်ခုခုကိုပြောတာ။ ဒီပညာက    ခက်ခဲနက်နဲသလောက် စီးပွားရေးအနေနဲ့ကျတော့ မထွန်းကား ဘူးဆရာ”
ဆက်လက်ဖော်ပြပါမည်။