အရိုးပါး၊ အရိုးပွရောဂါ ကြိုတင်ကာကွယ်ပါ

 

 

ကိုငြိမ်းငယ် (ကျွန်းဒေါင့်)

 

လူသားတို့၏ နေ့စဉ်ဘဝဖြစ်ရပ်များတွင် မတော်တဆထိခိုက်မှုများကို အနည်းနှင့်အများ ဆိုသလိုဖြစ်ဖူးကြပေမည်။ ဥပမာအားဖြင့် သာမန်လူတစ်ယောက်သည် ကုလားထိုင်ပေါ်မှ ပြုတ်ကျ ရုံမျှဖြင့်  အလွယ်တကူ အရိုးကျိုးလေ့မရှိတတ်ပေ။ သို့ရာတွင်  ထိုအမြင့်လောက်မှ ပြုတ်ကျရုံမျှဖြင့် တင်ပါးဆုံရိုးကျိုးသွားခြင်း သို့မဟုတ် လက်ကောက်ဝတ်ကျိုးသွားခြင်းမျိုးသည် အရိုးပါး၊ အရိုးပွရောဂါ ဖြစ်နိုင်ခြင်း၏ အကြောင်းတစ်ရပ်ပင်ဖြစ်သည်။

 

သက်ကြီးပိုင်းအရွယ်များတွင် ပို၍အဖြစ်များ

 

အရိုးပါး၊  အရိုးပွရောဂါသည် သက်ကြီးပိုင်း အရွယ်များတွင် ပို၍အဖြစ်များတတ်သည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)က ပြောကြားထားသည်။ အရိုးပါး၊ အရိုးပွရောဂါကို သက်ကြီးအရွယ် အမျိုးသားများရော အမျိုးသမီးများပါ ဖြစ်တတ်ကြသည်။ ထို့ပြင် မိသားစုမျိုးရိုးထဲတွင် အရိုးပွရောဂါ ဖြစ်ခဲ့ဖူးသော  မိသားစုဝင်များ၊ အချိန်ကြာကြာ ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ  နေတတ်သူများ၊ ခန္ဓာကိုယ်အရပ်အမောင်းနှင့်  အလေးချိန်တွင် အချိုးအစားမမျှတသောသူများ၊  ဆေးလိပ်နှင့် အရက်ကို အလွန်အကျွံသောက်သုံးကြသူများတွင် အရိုးပါး၊ အရိုးပွမှုများကို ဖြစ်စေနိုင်သည်။

 

အရိုးပါး၊ အရိုးပွရောဂါနှင့်ပတ်သက်၍ သိသာထင်ရှားစွာပြတတ်သောလက္ခဏာများမှာ အရိုးနှင့် ခါးရိုးများနာကျင်ခြင်း၊ အရိုးကျိုးလွယ်ခြင်း၊ အရပ်အမောင်းနိမ့်ဆင်းသွားခြင်း၊ အရိုးပွခြင်းကြောင့် ကျောရိုးမှာ ဒဏ်မခံနိုင်တော့ဘဲ ခါးကုန်းလာခြင်း စသည်တို့ဖြစ်သည်။ အရိုးပါး၊ အရိုးပွရောဂါ မဖြစ် စေရန် အကောင်းဆုံးနည်းလမ်းမှာ ကြိုတင်ကာကွယ်မှုရှိခြင်းပင်ဖြစ်သည်။ ထိုသို့ကြိုတင် ကာကွယ်မှုပြုလုပ်နိုင်ရန်  အထိရောက်ဆုံး နည်းလမ်းမှာ ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့် ကျန်းမာရေးအသိများ ပေးခြင်းပင်ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးများကိုလည်း ငယ်စဉ် ကတည်းက စားသောက်မှုပုံစံနှင့် နေထိုင်မှုပုံစံများ မှန်ကန်ရေး၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ် နိုင်ရေးတို့ကို စီမံလမ်းညွှန်၍ ပြုလုပ်ပေးရမည်။

 

ထို့ပြင် ပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကျန်းမာရေးဟောပြောပွဲများ ပြုလုပ်ခြင်းကို ဒေသအလိုက် ဆောင်ရွက်ကြရမည်။ သို့မှသာ အရိုးပါး၊ အရိုးပွရောဂါများအပြင် အခြားသောရောဂါများ ဖြစ်ပွားခြင်းကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။ အကယ်၍ဖြစ်လာခဲ့သည့်တိုင် နောက်ဆက်တွဲ ဆိုးကျိုးများကို နည်းနိုင်သမျှနည်းအောင်ပြုလုပ် နိုင်မည်ဖြစ်သည်။

 

မပြင်းထန်သောလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်

 

အရိုးပါး၊ အရိုးပွရောဂါ စတင်ဖြစ်ပွားပါကလည်း အလွန်အကျွံစိုးရိမ်နေရန် မလိုပေ။ ရောဂါ အခြေအနေ ပိုဆိုးမလာစေရန် အရိုး၏သိပ်သည်းဆကို ပို၍ကျမသွားအောင် ထိန်းထားရမည်။ အစား အသောက်အပေါ် ဂရုစိုက်ခြင်းနည်းလမ်းများ၊ မပြင်းထန်သောလေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ် ခြင်းတို့ဖြင့် ထိန်းထားနိုင်သည်။ ဥပမာအားဖြင့် နေ့စဉ် နာရီဝက်မှ တစ်နာရီအထိ လမ်းလျှောက် ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စသည်တို့ကို နေ့စဉ်ပြုလုပ်ပေးနိုင်သည်။

 

ထို့ပြင် နေ့စဉ်စားသောက်မှုပုံစံကို စနစ်တကျ ရှိစေခြင်းဖြင့် အရိုးပါး၊ အရိုးပွရောဂါကို ကြိုတင် ကာကွယ်နိုင်သည်။ ထိုရောဂါကာကွယ်ရေး အတွက် ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝသော အစား အစာများကို ပုံမှန်စားသုံးပေးရမည်။ ကယ်လ်ဆီ ယမ်ဓာတ်သည် အရိုးပွမှုဖြစ်စဉ်ကို နှောင့်နှေးစေ သောကြောင့်ဖြစ်သည်။ ထို့ပြင်ကယ်လ်ဆီယမ် ဓာတ်သည် အရိုးများကိုသန်မာစေပြီး အရိုးတည် ဆောက်ရေးလုပ်ငန်းများကို မျှတအောင်ထိန်းညှိ ပေးသည်။ ကယ်လ်ဆီယမ်ဓာတ်ကို စုပ်ယူရာတွင် ဗီတာမင်ဒီ၏အခန်းကဏ္ဍမှာ အလွန်အရေးပါလှသည်။ ထို့ကြောင့် ဖြည့်စွက်အာဟာရအဖြစ် ဗီတာမင်ဒီ ကြွယ်ဝသောအစားအစာများကို နေ့စဉ်စားသုံးပေးခြင်းဖြင့် အရိုးပွရောဂါမဖြစ်စေရန် ကာကွယ်နိုင်သည်။ ထို့ပြင် ဖြည့်စွက်မှုအတွက် လိုအပ်သောဗီတာမင်ဒီကို နေရောင်ခြည်မှလည်း ရရှိနိုင်သည်။ နံနက်ခင်း၏ နေရောင်ခြည်လေးကို ၁၀ မိနစ်မှ ၁၅ မိနစ်ခန့်တိုင်အောင် ထိတွေ့ပေး ခြင်းဖြင့် ဗီတာမင်ဒီပြည့်ဝနိုင်သည်။

 

အရိုးပါး၊ အရိုးပွရောဂါ ကာကွယ်ရန်အတွက် လိုအပ်လျှင် အားဆေးသောက်ပေးရမည်။ သို့ရာတွင် လိုအပ်သောအာဟာရဓာတ်များကို ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများမှ ရယူခြင်းသည် အကောင်းဆုံးပင်ဖြစ်သည်။ အစားအစာများကို အကြောင်းအမျိုးမျိုးကြောင့် လုံလောက်အောင် မစားနိုင်သောအခါ ကယ်လ်ဆီယမ်နှင့် ဗီတာမင်ဒီတို့ ပါဝင်သော အားဆေးများကို သောက်ပေးသင့်သည်။ သောက်ရမည့်အားဆေး အမျိုးအစားနှင့် သောက်သုံးရန်အချိန်တို့ကိုမူ တတ်သိနားလည်သောဆရာဝန်နှင့် ဆွေးနွေး အဖြေရှာသင့်သည်။

 

သက်ကြီးရွယ်အိုများသည် ခန္ဓာကိုယ်ဟန်ချက်ညီအောင်နှင့် တည်ငြိမ်အောင် မထိန်းထားနိုင်သည့် အတွက် မကြာခဏလဲကျတတ်သည်။ ထိုသို့လဲကျလျှင် အရိုးကျိုးနိုင်သောကြောင့် လဲကျစေနိုင်သည့် ပြဿနာကို ဦးစွာဖြေရှင်းရမည်။ မျက်စိမှုန်ခြင်းကြောင့် ချော်လဲသည်ဆိုလျှင် မျက်မှန်တပ်ခိုင်းရမည်။ ဟန်ချက်ညီအောင် မထိန်းနိုင်၍ လဲကျတတ်သည်ဆိုလျှင် အရိုးသန်မာစေသည့် မပြင်းထန်သော လေ့ကျင့်ခန်းများကို ပြုလုပ်ပေးသင့်သည်။ ထို့ပြင် မချော်လဲစေရန် ရေချိုးခန်း၊ အိမ်သာတို့တွင် လက်ရန်းများပြုလုပ်ပြီး တပ်ဆင်ပေးထားသင့်သည်။

 

ရှောင်ကြဉ်ရမည့်အပြုအမူများ

 

လူငယ်များအနေဖြင့် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၊ အားကစားကို လေ့လာလိုက်စား ခြင်းသည် ကျန်းမာရေးအတွက် အလွန်အထောက် အကူပြုသည်။ ကျန်းမာကြံ့ခိုင်၍ လန်းဆန်းစေပြီး အရိုးများကို သန်မာစေသည်။ အရိုးကြွက်သား တည်ဆောက်မှုများနှင့် ကိုယ်ဟန်အနေအထားကို တိုးတက်စေသောကြောင့် မတော်တဆချော်လဲသည့်တိုင် အရုပ်ကြိုးပြတ်မဖြစ်စေနိုင်ပေ။ အရိုး ကျိုးခြင်းဖြစ်နိုင်ခြေကို နည်းပါးစေသည်။ ကျန်းမာရေးအတွက် လူသားတိုင်းရှောင်ကြဉ် ရမည့်အပြုအမူများမှာ အရက်နှင့် ဆေးလိပ် သောက်သုံးခြင်း၊ အငန်စားသုံးမှုများခြင်း၊ ဟင်းချို မှုန့် ခေါ် အချိုမှုန့်များ သုံးစွဲခြင်းနှင့် ကော်ဖီသောက်သုံးမှု အလွန်အကျွံပြုလုပ်ခြင်း စသည်တို့ကို အဓိကရှောင်ကြဉ်ကြရမည်။

 

အချုပ်အားဖြင့်ဆိုရသော် အစားအစာများကို အာဟာရမျှတအောင် စားသုံးပေးခြင်းနှင့် ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်းသည် ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး အရိုးအဆစ် များကို ကြံ့ခိုင်သန်စွမ်းစေသည်။ ထိုသို့မဟုတ်ပါက ခန္ဓာကိုယ်အတွက် လိုအပ်သောအာဟာရဓာတ် မရရှိနိုင်ဘဲ အရိုးပါး၊ အရိုးပွခြင်းများကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် လူသားတိုင်းအနေဖြင့် အစား အစာများကို အာဟာရမျှတစွာ စားသုံးကြခြင်းဖြင့် ကျန်းမာရေးကောင်းမွန်ပြီး အရိုးပါး၊ အရိုးပွရောဂါ များမှ ကင်းဝေးနိုင်ကြပါစေဟု ဆန္ဒပြုရင်းရေးသား လိုက်ပါသည်။ ။