အရိုးပွတာက အသက်အရွယ်ရလာသူ အတော်များများ ခံစားရတဲ့ ကျန်းမာရေးပြဿနာပါ။ အသက်အရွယ် ရလာတာနဲ့အမျှ အရိုးတွေရဲ့ သိပ်သည်းဆက နည်းလာပြီး အရိုးပွလာပါတယ်။

 

အရိုးပွလာတာက သေချာ ဂရုစိုက်ဖို့ လိုမယ့် ကျန်းမာရေးပြဿနာပါ။ အကြောင်းကတော့ အရိုးပွနေတာကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရိုးကျိုးလွယ်တာ၊ အရိုးအက်တာတွေကို ဖြစ်စေနိုင်လို့ပါ။

 

အရိုးပွတာက သေချာလေး ကုသမှု ခံယူဖို့ လိုသလို အစားအသောက်ကိုလည်း သေချာ ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ အရိုးပွရောဂါ ခံစားနေရသူတွေအနေနဲ့ ဘာတွေကို သတိထားရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

 

အရိုးပွနေရင် ဒါတွေ မစားပါနဲ့။

 

အရိုးပွနေတဲ့အခါ ခံစားနေရတဲ့ ဝေဒနာကို ပိုဆိုး မသွားစေဖို့ ဒါတွေကို မစားဖို့ ပြောပါရစေ။

 

သကြား

 

သကြားဆိုလို့ သကြားကိုပဲ မစားရတာ မဟုတ်ပါဘူး။ အချိုကဲတဲ့ အစားအစာတွေကိုပါ မစားရမှာပါ။ ဥပမာ ကိတ်မုန့်၊ ကွတ်ကီးလိုမျိုး အချိုကဲတဲ့ အစားအစာတွေကိုရော ရှောင်ရမှာပါ။

 

ဒီအစားအစားတွေက အရိုးပွတာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် သကြား အစား အချိုဓာတ် ပြည့်စေဖို့ သဘာဝ အချိုတွေ ဖြစ်တဲ့ သစ်သီး အချိုနဲ့ ပျားရည်စစ်စစ်တွေကို စားပေးလို့တော့ ရပါတယ်။

 

ဆား

 

ဆား အများကြီး စားတာက ကျန်းမာရေးအတွက် မကောင်းသလို အရိုးပွနေသူတွေအတွက်လည်း မသင့်တော်ပါဘူး။ ဆား အများကြီးစားတာက အရိုးတွေအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ကို ဆုံးရှုံးမှု များစေပါတယ်။ အကြောင်းကတော့ ဆီးကနေတစ်ဆင့် ကယ်လ်ဆီယမ် ပြင်ပကို ထွက်ရှိသွားတာကြောင့်ပါ။

 

ဆား အစားများတိုင်း ကယ်လ်ဆီယမ် ဆုံးရှုံးမှုကလည်း မနည်းတာကြောင့် အရိုးပွနေသူတွေအနေနဲ့ ဆားကို လျှော့စားစေချင်ပါတယ်။

 

အော်ဂဲနစ် မဟုတ်တဲ့ အစားအစာတွေ

 

အခုနောက်ပိုင်း ပိုးသတ်ဆေးတွေ များလာသလို စိုက်ပျိုးမှုတိုင်းမှာလည်း ပိုးသတ်ဆေးတွေကို အများအပြား သုံးလာကြပါတယ်။ အကြောင်းကတော့ လူတွေက အလုံးလှပြီး ပိုးကိုက်ရာ ကင်းတဲ့ အသီးအရွက်တွေကို သဘောကျတာကြောင့်ပါ။ တကယ်ကတော့ ဒီလို ပိုးသတ်ဆေးသုံးထားတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေက အရိုးသိပ်သည်းဆကို လျော့ကျစေပါတယ်။

 

ဒါကြောင့် အရိုးပွနေမယ်ဆိုရင် အရိုးပွတာ ပိုဆိုးမလာစေဖို့ အော်ဂဲနစ် မဟုတ်တဲ့ အသီးအရွက်တွေကို ရှောင်ပါ။

 

ဆီကြော်စာတွေ

 

ဆီကြော်စာတွေက စားရတာ အရသာရှိလှပေမယ့် အရိုးပွနေသူတွေအတွက်ကတော့ မသင့်တော်ပါဘူး။ ဆီကြော်စာတွေက သွေးတွင်း အဆီကို များစေသလို အရိုးပွတာကြောင့် နာကျင်မှုကို ပိုဆိုးစေနိုင်ပါတယ်။

 

ဒါကြောင့် ဆီကြော်စာတွေအစား အသား၊ ငါး စတာတွေကို ပြုတ်စားတာ၊ ဆီနည်းနည်းနဲ့ ချက်စားတာမျိုးက ပိုအဆင်ပြေပါတယ်။ ပေါင်းစားတာကလည်း သင့်တော်တဲ့ စားသောက်ပုံတစ်မျိုးပါ။

 

ဆီကြော်စာတွေအပြင် အနီရောင်အသား၊ ချိစ်၊ ကြက်ဥကြော်၊ ထောပတ်၊ ပြုပြင်ထားတဲ့ အစားအစာတွေကိုလည်း ရှောင်ဖို့ လိုပါမယ်။

 

ပေါင်မုန့် အဖြူ

 

သန့်စင်ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတေါက မသင့်တော်ပါဘူး။ ဒီလို အစားအစာတွေက အရိုးပွတာတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် သန့်စင်ထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေ အစား ဂျုံကြမ်း ပေါင်မုန့်လိုမျိုးကို ရွေးချယ် စားပေးပါ။

 

အယ်လ်ကိုဟော

 

အယ်လ်ကိုဟောက ကျန်းမာရေးအတွက် မကောင်းတာကိုတော့ သိထားပြီးသားပါ။ အရိုးပွသူတွေအတွက်လည်း အယ်လ်ကိုဟောက အခြေအနေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အယ်လ်ကိုဟောကို ရှောင်ဖို့ လိုပါမယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Aye Thi Mon

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်