နေပြည်တော် ၂၈ စက်တင်ဘာ

အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ၏ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌  Zoom Application ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထူးက မိမိတို့ကော်မတီအနေဖြင့် ယခင်အစည်းအဝေးများ၌ ယစ်မျိုးဥပဒေ(မူကြမ်း)နှင့် အရက်တင်သွင်းခွင့် လုပ်ထုံးလုပ်နည်းတို့အပေါ် ဆွေးနွေးညှိနှိုင်းခဲ့ပြီး ဟိုတယ်၊ စားသောက်ဆိုင်နှင့် စူပါမားကတ်များတွင် ယမကာများ ရောင်းချခွင့်နှင့် စပ်လျဉ်း၍ မူဝါဒဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ကြောင်း၊ အရက်တင်သွင်းရာတွင် အခွန်ဘဏ္ဍာရရှိရေးအပြင် တစ်ဖက်တွင်လည်း ပြည်သူများကျန်းမာရေး၊ စာရိတ္တဆိုင်ရာကိစ္စရပ်များနှင့် ဆက်နွယ်နေသည့်အတွက် ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းဆောင်ရွက်ရမှုများရှိကြောင်း၊ လက်ရှိအခြေအနေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ဖြစ်ပွားနေသော်လည်း မူဝါဒဆိုင်ရာ ဆုံးဖြတ်ဆောင်ရွက်ရန်များ ရှိသည့်အတွက် ယခုကဲ့သို့ လူချင်းထိတွေ့မှုမရှိသည့် Virtual Meeting ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် ပြည်တွင်းအခွန်များဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းသို့ တရားမဝင်ရောက်ရှိနေသည့် နိုင်ငံခြားအရက်များကို အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း လုပ်ငန်းစီမံချက်ဆောင်ရွက်မှု အခြေအနေ၊ အကောက်ခွန် ဦးစီးဌာန၏ Bonded Warehouse  လုပ်ထုံးလုပ်နည်းနှင့် ပတ်သက်သည့် ဆောင်ရွက်မှုအခြေအနေ၊ ယစ်မျိုးလိုင်စင်များ တင်ပြလျှောက်ထားလာမှုနှင့်ပတ်သက်၍ သဘောထား မှတ်ချက်ပြန်ကြားရန်ကိစ္စတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့်လည်း ယစ်မျိုးဥပဒေသစ် အမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး တွန်းအားပေး ဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ကုန်သွယ်ရေးဦးစီးဌာနမှ ဆဋ္ဌမအကြိမ်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားသည်။

အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ကော်မတီအဖွဲ့ဝင်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်