နေပြည်တော် ၃၁ ဇူလိုင်
အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်တင်သွင်းရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေး ကော်မတီ၏ တတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်တင်သွင်းရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဇွန်လအတွင်းက ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်အစည်းအဝေးတွင် အရက်တင်သွင်းခွင့် လုပ်ထုံးလုပ်နည်း(မူကြမ်း)အပေါ် ကော်မတီဝင်ဌာနများ၏ သဘောထားမှတ်ချက်များကို ဆွေးနွေးခဲ့ပြီးနောက် ဆက်စပ်ဌာနများ၏ ပုဂ္ဂလိကအသင်းအဖွဲ့များ၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ ကုန်သည်များအသင်း၊ ယမကာနှင့်ဆက်စပ်သည့် အသင်းအဖွဲ့များထံမှ သဘောထားများနှင့် အကြုံပြုချက်များကို ရယူခဲ့ပါကြောင်း။
ဆက်စပ်ဌာနများ၏ အသင်းအဖွဲ့များမှ ပေးပို့လာသည့် သဘောထားမှတ်ချက်များအပေါ် ကော်မတီဝင်များမှ ပြန်လည်ဆွေးနွေးအကြံပြုနိုင်ရန် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကယားပြည်နယ် အစိုးရအဖွဲ့မှ တင်ပြလာသည့် ကယားပြည်နယ်ရှိ ဟိုတယ်များတွင် သက်ဆိုင်ရာ ယစ်မျိုးလိုင်စင်ချထားပေးရေးကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ အရက်၊ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ၏ သဘောထားတင်ပြရန် လမ်းညွှန်ထားသည့်အတွက် ယနေ့အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးပြီး ကော်မတီဝင်များ၏ ဆွေးနွေးသုံးသပ်မှုများကို ရယူတင်ပြသွားမည်ဖြစ်ပါကြောင်း။
ပြီးခဲ့သည့် ဇွန်လအတွင်း မန္တလေး၊ တံတားဦးလေဆိပ်တွင်ရှိသည့် အကောက်ခွန်လွတ် ရောင်းဆိုင်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အရက်ချက်စက်ရုံ၊ ယစ်မျိုးလိုင်စင်ခွင့်ပြုချက်ဖြင့် ယမကာရောင်းချသည့်ဆိုင်များကို ကွင်းဆင်းလေ့လာမှုများကို ကော်မတီဝင်များနှင့် သွားရောက်ပြုလုပ်ခဲ့ပါကြောင်း၊ နောင်တွင်လည်း အလျဉ်းသင့်သလို စားသောက်ဆိုင်၊ ဟိုတယ်များတွင် ရောင်းချမှု၊ အရက်ချက်လုပ်မှုများကို သတ်မှတ်စည်းကမ်းများနှင့် ညီညွတ်မှု ရှိ၊ မရှိ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း။
အစည်းအဝေးကျင်းပမှု ရလဒ်များကိုလည်း နိုင်ငံတော်သမ္မတရုံးကို တင်ပြသွားမည်ဖြစ်ပြီး ယနေ့အစည်းအဝေးမှ အရက်တင်သွင်းခွင့်လုပ်ထုံးလုပ်နည်းမူကြမ်းကို အတည်ပြုပြီးပါက ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့သဘောထားရယူပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကယားပြည်နယ်အတွက် ယစ်မျိုးလိုင်စင်ချထားပေးရာတွင် မူလယစ်မျိုးလိုင်စင်မှ အရေအတွက် ထံမံတိုးမြှင့်ပေးရန် (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် ဒေသလိုင်စင်ထုတ်ပေးခွင့်အား ခွင့်ပြုပေးနိုင်ပါရန် ကယားပြည်နယ်အစိုးရအဖွဲ့မှ တင်ပြမှုနှင့်စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများကလည်းကောင်း အရက်ကို အကန့်အသတ်ဖြင့် တရားဝင်တင်သွင်းခွင့်ပြုခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း(မူကြမ်း)အပေါ် ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များမှ ပေးပို့လာသည့် သဘောထားမှတ်ချက်များနှင့်ပတ်သက်၍ ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူက ရှင်းလင်းပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်


