အရှက်အကြောက်တရားတို့ဖြင့်မကောင်းမှုတို့ကို ဝေးစွာရှောင်ကြဉ်

 

ပျော်ရွှင်စရာနှစ်သစ် ဖြစ်ပါစေဟူသော ဝမ်းမြောက်ဝမ်းသာ ကြွေးကြော်သံများနှင့်အတူ ၂၀၂၄ ခုနှစ်သည် နေ့သစ်နှင့်အတူ အစပြုပြီဖြစ်သည်။ မိမိတို့တစ်ဦးချင်းအတွက်ဖြစ်စေ၊ မိမိမိသားစု၊ မိမိလူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက်ဖြစ်စေ အစရှိသည်ဖြင့် ပျော်ရွှင်မှုရရှိစေရန်မှာ လူတိုင်းကိုယ်စီက ဝိုင်းဝန်းတည်ဆောက် ကြရန်လိုသည်။ မိမိတို့၏ လူ့အဖွဲ့အစည်းသည် ကောင်းသောလူ့အဖွဲ့အစည်းဖြစ်မှသာလျှင် လူတိုင်း ပျော်ရွှင်မှုကို ရရှိနိုင်မည်ဖြစ်သည်။

 

လူ့အဖွဲ့အစည်းတစ်ရပ်ကောင်းမွန်စေရန်၊ မပျက်မစီးစေရန် ထိန်းသိမ်းစောင့်ရှောက်ပေးသည့် တရားနှစ်ရပ်မှာ ဟိရီနှင့် ဩတ္တပ္ပတို့ဖြစ်ပြီး ၎င်းတို့ကို လောကပါလတရားများဟူ၍လည်း ခေါ်သည်။ ဟိရီဩတ္တပ္ပတရားတို့၏ လက္ခဏာမှာ အကုသိုလ်တရားတို့၏ အန္တရာယ်ကို ဆင်ခြင်ခြင်း၊ အပါယ်ဒုဂ္ဂတိဘဝများ၏ ဆင်းရဲဒုက္ခများကို ဆင်ခြင်ခြင်း၊ ကုသိုလ်တရားတို့၏ ထောက်ပံ့အားကိုးရမှုကို ဆင်ခြင်ခြင်း၊ အရှက်အကြောက်နည်းသူများနှင့် မပေါင်းသင်းခြင်း၊ အရှက်အကြောက်ရှိသူများနှင့် ပေါင်းသင်းခြင်း၊ အရှက်အကြောက်များရန်စိတ်သန်ခြင်းတို့ပင် ဖြစ်သည်။ ဟိရီသည် မကောင်းမှုပြုရန် ရှက်ခြင်းဖြစ်၍ ဩတ္တပ္ပသည် မကောင်းမှုပြုရန် ကြောက်ခြင်းဖြစ်ရာ အရှက်အကြောက်ဟူသည် မကောင်းမှုပြုရန် ရှက်ကြောက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် ဟိရီဩတ္တပ္ပတို့ ထွန်းကားပါက မကောင်းမှုဒုစရိုက်တို့ကို ကျူးလွန်ရန် ရှက်ကြောက်ကြခြင်းကြောင့် မကောင်းမှုကင်းစင်သည့် ရပ်ရွာလူ့အဖွဲ့အစည်းမှာ အမှန်ပင်ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာဖြစ်မည်မှာ သေချာလှသည်။

 

ကာယကံ၊ ဝစီကံ၊ မနောကံဟူသော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှု တို့ဖြင့် လူတို့ကျူးလွန်လေ့ရှိကြသော မကောင်းမှု အကုသလကမ္မ ပထတရား ၁၀ ပါးတို့မှာ ပါဏာတိပါတ - အသက်သတ်ခြင်း၊ အဒိန္နာဒါန- ခိုးယူခြင်း၊ ကာမေသုမိစ္ဆာစာရ-ကာမဂုဏ်ဖောက် ပြန်ခြင်း၊ မုသာဝါဒ - လိမ်ညာပြောခြင်း၊ ပိသုဏဝါစာ - ကုန်းတိုက်ခြင်း၊ ဖရုဿဝါစာ - ကြမ်းတမ်းသည့်စကားကို ပြောဆိုခြင်း၊ သမ္ဖပ္ပလာပဝါစာ - အကျိုးမဲ့သိမ်ဖျင်းသည့်စကားကို ပြောဆိုခြင်း၊ အဘိဇ္ဈာ - မနာလိုခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ဗျာပါဒ - ပျက်စီးစေလိုခြင်း၊ မိစ္ဆာဒိဋ္ဌိ-အယူမှားခြင်းတို့ဖြစ်သည်။ ယင်း ဒုစရိုက် ၁၀ ပါးတို့ကို ကိုယ်တိုင်ကျူးလွန်ခြင်း၊ သူတစ်ပါးကို ခိုင်းစေခြင်း၊ သွယ်ဝိုက်၍ အားပေးအားမြှောက်ခြင်းနှင့် ဝမ်းမြောက် ခြင်းတို့သည် အတူတူပင်ဖြစ်ရာ ဒုစရိုက်၁၀ ပါး၊ ပွား ၄၀ ဖြစ်လာသည်။

 

အကုသိုလ်ဒုစရိုက်အမှုတို့ကို မရှက်မကြောက်ပြုကြသူ များနှင့်စပ်လျဉ်း၍ တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇာနကာဘိဝံသက “ပါဏာတိပါတစသော ဒုစရိုက်တရားစုသည် သူတော်ကောင်းတို့၏ သဘောဖြင့်ကြည့်လျှင် အင်မတန် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှ၏၊ မတော်တဆ ပြုမိပြန်လျှင်လည်း သူတော်စင်ပရိသတ်တို့အလယ်မှာ ရှက်ဖွယ်သာဖြစ်၏။ သို့သော် အဟိရိကသဘောကား ထိုဒုစရိုက်ကို စက်ဆုပ်ရွံရှာခြင်းလည်း မရှိ၊ ပြုမိ‌သော်လည်း မရှက်တတ်ချေ၊

 

“အကုသိုလ် ဒုစရိုက်တွေသည် မီးတောက်မီးလျှံနှင့်တူ၏၊ အနောတ္တပ္ပကား ပိုးပရန်နှင့် တူလေသည်။ မီးတောက်မီးလျှံသည် ကြောက်မက်ဖွယ်အလွန်ကောင်း၏။ သို့သော်ပိုးပရန်ဟုခေါ်သော ပိုးကောင် ကလေးကား ထိုမီးလျှံကို ကြောက်ရွံ့ဖွယ်မထင်ဘဲ ရဲရဲကြီး တိုလေသည်။ ဟူ၍ ကိုယ်ကျင့် အဘိဓမ္မာစာအုပ်တွင် ရေးသားခဲ့သည်။

 

မျက်မှောက်ကမ္ဘာနှင့် မိမိတို့၏လူ့အဖွဲ့အစည်းတို့တွင် အဟိရိကနှင့် အနောတ္တပ္ပဟူသည့် မကောင်းမှုပြုရန် မရှက်မကြောက်မှုတို့က တိုး၍တိုး၍ လာနေကြသည်။ မကောင်းမှု ပြုရမည်ကို မရှက်မကြောက်မှုတို့ရှိနေသမျှ လောကလူ့ရွာ မငြိမ်သက်မှု၊ မအေးချမ်းမှု၊ စိုးရိမ်ထိတ်လန့်မှုတို့နှင့် တွေ့ကြုံနေကြ ရဦးမည်ဖြစ်သည်။ လူ့လောကကြီးတစ်ခုလုံး အေးချမ်းသာယာရေး၊ လူတိုင်းပျော်ရွှင် ဝမ်းသာနိုင်ရေးအတွက်ဆိုလျှင် လောကပါလတရားတို့ထွန်းကားရန် လိုအပ်ပေရာ အကုသလကမ္မပထ အမှုတို့ကို ဟိရီဩတ္တပ္ပတရားဖြင့် ဝေးစွာရှောင်ကြဉ်နိုင်ကြပါရန် အကျိုးကို မျှော်၍ နှစ်သစ်တွင် နှိုးဆော်လိုက်ရပါကြောင်း။

 

မြန်မာ့အလင်း