၂  သြဂုတ်

အရက်ကို နှစ်ပေါင်းများစွာ သောက်သုံခြင်းမပြုသူဟာ အရက်ကို အတော်အသင့် သောက်သုံးသူတွေထက် အသက်အရွယ်ကြီးလာတဲ့အခါ သတိမေ့ရောဂါ (dementia) ဖြစ်တတ်ကြောင်း ဆေးပညာဂျာနယ် BMJ မှာ ရေးသားထားပါတယ်။ 

နှစ်အကြာကြီး အရက်လုံးဝမသောက်သူတွေဟာ အာရုံကြောဆိုင်ရာ ရောဂါများ ဒါမှမဟုတ် အယ်ဇိုင်းမားရောဂါတွေ ဖြစ်နိုင်ဖို့ ၅၀ ရာခိုင်နှုန်းလောက် ရှိနေကြောင်း သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်ကို မနေ့က (ဗုဒ္ဓဟူးနေ့) ထုတ် ဆေးပညာဂျာနယ်မှာ ရေးသားထားပါတယ်။ 

အရက်အလွန်အကျွံ သောက်သူတွေမှာ တခြားအကြောင်းအရင်းတွေကြောင့် သတိမေ့ရောဂါ (dementia) ပိုဖြစ်နိုင်ကြောင်းလည်း တွေ့ရပါတယ်။ 

ဒီ့အရင်က တွေ့ရှိချက်ကလို အရက်ကို ရံဖန်ရံခါ သောက်သူထက် အရက်မသောက်သူက အသက်တိုနိုင်တယ်ဆိုတာကိုတော့ အခုလေ့လာချက်မှာ မတွေ့ရပါဘူး။ ဒီလေ့လာတွေ့ရှိချက်ဆိုတာ ဆေးမှတ်တမ်းတွေအပေါ်မှာကြည့်ပြီး သုံးသပ်တာဖြစ်ပါတယ်။ 

တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် အသက် ၆၅ နှစ်ကျော် တွေရဲ့ ၇ ရာခိုင်နှုန်း နှင့် အသက် ၈၅ နှစ်အထက်မှာတော့ ၄၀ ရာခိုင်နှုန်းမှာ သတိမေ့ရောဂါ (dementia) ရောဂါရရှိခံစား နေကြောင်း သိရပါတယ်။ ၂၀၅၀ အရောက်မှာတော့ လက်ရှိကိန်းဂဏန်း ရဲ့ ၃ ဆလောက်ရှိသွားမယ်လို့ ခန့်မှန်းထားပါတယ်။ 

ပြင်သစ်နိုင်ငံရဲ့ ကျန်းမာရေးနှင့်ဆေးပညာသုတေသနကလည်း အရက်အတော်အသင့်သောက်သုံးသူတွေထဲမှာ ဝိုင်သောက်သူဟာ ဘီယာ၊ ဝီစကီ၊ ဂျင် သောက်သူထက် သတိမေ့ရောဂါ (dementia) ဖြစ်နိုင်ချေနည်းကြောင်း ပြောထားပါတယ်။ 

အရက်အတော်အသင့် သောက်သုံးသူဆိုတာကို သီတင်းတပတ်မှာ ၁ - ၁၄ ခွက် အထိ သောက်နိုင်ကြောင်း၊ အခုလို အတိအကျ အဓိပ္ပါယ်ဖွင့်ဆိုထားပါသေးတယ်။ (၁ - ၁၄ ခွက် အထိ သီတင်းတပတ်ကို သောက်နိုင်ကြောင်း၊ အရက်ပမာဏ ၁၃ ရာခိုင်နှုန်းပါတဲ့ ဝိုင်မှာ ဝိုင်ခွက်ဆိုဒ် အလတ်စား(၁၇၅ မီလီလီတာ)နဲ့ ၆ ခွက်၊ အရက်ပမာဏ ၄ ရာခိုင်နှုန်းပါတဲ့ ဘီယာဆိုရင် ၆ ခွက်၊ အရက်ပမာဏ ၄၀ ရာခိုင်နှုန်းပါဝင်တဲ့ ၂၅ မီလီလီတာခွက်နဲ့ ၁၄ ခွက် )

အရက်အလွန်အကျွံသောက်သူဆိုရာမှာ အမျိုးသားဆိုရင် တစ်နေ့ကို အရက် ၆ ခွက် သို့မဟုတ် အဲဒီထက်များသောပမာဏ သောက်သုံးသူ၊ အမျိုးသမီးဆိုရင် အရက် ၄ ခွက် နှင့် အထက် သောက်သုံးသူလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရည်ညွှန်းထားပါတယ်။ 

MDN
ကိုးကား- AFP