မကွေး  ၂၆  ဩဂုတ်

 

မကွေးတိုင်းဒေသကြီး၌ ၂၀၂ဝ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ဩဂုတ် ၂၁ ရက်အထိ (၆)လကျော်ကာလအတွင်း လူသတ်မှု (၇၀)ဖြစ်ပွားခဲ့ပြီး အမှုအားလုံးမှာ အရက်မူးပြီး လတ်တလောဖြစ်ပေါ်လာသည့် ဒေါသကြောင့် ဖြစ်ရကြောင်း မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။        

                

“ဒီလူသတ်မှုတွေဟာ ရန်ညှိုးနဲ့သတ်တာမဟုတ်ဘူး။ လတ်တလောဖြစ်ပေါ်လာတဲ့ဒေါသပေါ့။ အရက်မူးပြီး ဖြစ်ပေါ် လာတဲ့ ဒေါသတွေနဲ့ စရင်းနောက်ရင်းနဲ့ဖြစ်သွားပြီး ဒီလို သတ်တာတွေ ဖြစ်ပါတယ်။ လူတစ်ယောက်ကို ရန်ငြိုးနဲ့ ဘယ်တုန်းက ဘာဖြစ်ခဲ့တယ်ဆိုပြီး သတ်တာမျိုးတွေ မရှိပါဘူး” ဟု မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး  ရဲမှူးကြီးလှိုင်တင့်က မှတ်ချက်ပြုပြောကြားသည်။

 

လူသတ်မှု ဖြစ်ပေါ်လာစေနိုင်သည့် လက်နက်ကိုင်ဆောင်မှု၊ ဒေါသမထိန်းနိုင်အောင်ဖြစ်စေသည့် မူးယစ်သေစာ သောက် စား ရမ်းကားမှုများကို လူသတ်မှုများမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန် ဖမ်းဆီးရကြောင်း၊  ၂၀၂၀ ပြည့်နှစ် ၆ လကျော်ကာလအတွင်း ကြိုတင်ကာကွယ်မှု ၁၈၆၈၅ မှု ဖမ်းဆီးအရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ က သိရသည်။

 

“အရက်ရောင်းတဲ့ စတိုးဆိုင်တွေ ၊ ထိုင်သောက်လို့ရတဲ့ ဆိုင်တွေကတော့ မြို့အနှံ့ ၊ ရွာအနှံ့လို့ပဲ ပြောရမှာပဲ။ KTV တွေ ၊ စင်တင်တွေမှာလည်း အရက်ဘီယာရောင်းနေကြတာပဲ။ လူမှုဘဝအဆင်မပြေမှုတွေနဲ့ အရက်နဲ့ရောသွားတော့ ရန်ငြိုး မရှိဘဲနဲ့ကို လူသတ်မှုတွေ ဖြစ်လာကြတယ်။ အရက်နဲ့ အရက်သမား အင်အားကတော့ အတော်ကြီးတယ် ” ဟု မကွေး ဒေသခံ ဦးကျော်က သူ၏အမြင်ကို ပြောသည်။

 

၂၀၂ဝ ပြည့်နှစ် ပထမ ၆လကျော်ကာလအတွင်း ယာဉ်ရိုးရိုးနာကျင်စေမှု၊ ယာဉ်မတော်တဆမှု နာကျင်စေမှု (၁၂၀၆) မှု ၊ ဆိုင်ကယ်ခိုးမှု(၉၁)မှု ၊ အခြားခိုးမှု(၁၀၇)မှု ၊ ပြည်သူပိုင်ပစ္စည်းဆိုင်ရာ ပပက ၆(၁)အမှု (၂၀)မှု ၊ အခြားအမှု(၁၈၇၁)မှု ၊ စုစုပေါင်း(၃၂၉၅)မှု နှင့် လူသတ်မှု၊ မုဒိမ်းမှု စသည့် အမှုကြီးပေါင်း(၁၃၁)မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

 

ဇေယျတု(မကွေး)