အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေပြီး အရှက်သိက္ခာကင်းမဲ့စွာ ရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် “မောင်လေးစုပ်”တေးသီချင်းဗီဒီယို၏ စီစဉ်သူဒါရိုက်တာ ရွှေလက်အောင်မင်းနှင့် အမျိုးသား၊ အမျိုးသမီးများအား ညစ်ညမ်းမေးခွန်းများကို လိုက်လံမေးမြန်း၍ လူမှုကွန်ရက်စာမျက်နှာများ၌ ထုတ်လွှင့်ပြသသူ Nyein Chan Htet Aung အပါအဝင် သက်ဆိုင်သူတို့အား ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိ

ပြန်ကြားရေးဝန်ကြီးဌာနသည် ရုပ်ရှင်နှင့်ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသရေးနှင့် ပတ်သက်၍ ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါသည်။

အချို့သော တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှုရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်းအတူတကွ နားထောင်ကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော ရိုက်ကူးထုတ်လွှင့်ပြသမှုများကို လူမှုကွန်ရက် စာမျက်နှာများတွင် ဆောင်ရွက်နေကြသည်ကို တွေ့ရှိပါသဖြင့် လူမှုကွန်ရက်စာမျက်နှာများ အပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော၊ ညစ်ညမ်းသော အပြောအဆို၊ အပြုအမူများပါဝင်သည့် ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုများ နှင့်ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူ၊ သရုပ်ဆောင်များအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးတားမြစ်ခဲ့ပြီးဖြစ်ပါသည်။

ယခုအခါ အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေပြီး အရှက်သိက္ခာ ကင်းမဲ့စွာရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် “မောင်လေးစုပ်” တေးသီချင်း ဗီဒီယို၏ စီစဉ်သူဒါရိုက်တာ ရွှေလက်အောင်မင်းကို ရန်ကုန်မြို့၊ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

ထို့ပြင် လိင်ဆက်ဆံမှုဆိုင်ရာညစ်ညမ်းမေးခွန်းများကို အမျိုးသား၊ အမျိုးသမီးများအား လိုက်လံမေးမြန်း၍ အီလက်ထရောနစ်ဆက်သွယ် ရေးနည်းပညာအသုံးပြုကာ လူမှုကွန်ရက်စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်ပြသခဲ့သည့် Nyein Chan Htet Aung အပါအဝင် သက်ဆိုင်သူများကို အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့မရဲစခန်း၌ သက်ဆိုင်ရာက အမှုဖွင့်လှစ်ထားရှိပြီး ဖြစ်ပါသည်။

သို့ပါ၍ ရုပ်ရှင်နှင့် ဗီဒီယိုကားများ၊ တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး ဟီရိဩတ္တပ္ပတရားကင်းမဲ့သည့် ပြောဆိုမှုများ၊ ရိုက်ကူးထုတ်လွှင့်မှုများ မပြုကြပါရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန