နေပြည်တော် ၂၈ စက်တင်ဘာ

 

မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တတိယအကြိမ် စားပွဲဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဈေးကွက် ဖွံ့ဖြိုးစေရန်ဆောင်ရွက်မည့် ကာလတို - ကာလလတ် လုပ်ငန်းစဉ်များအပေါ် ဈေးကွက်တွင် ပါဝင် ပတ်သက်ကြသူများ၏ ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ အစိုးရ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို နိုင်ငံခြားသားများ ဝယ်ယူ ခွင့်ပြုမည့်ကိစ္စ နှင့်စပ်လျဉ်း၍ ညွှန်ကြားချက်ထုတ်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဌာနများအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ဈေးကွက်တွင် ပါဝင်နိုင်ရန် နိုင်ငံအတွင်းရှိ နိုင်ငံခြားသံရုံးများနှင့် သက်ဆိုင်ရာ နိုင်ငံအလိုက် ဖွဲ့စည်းထားသည့် စက်မှု/ကုန်သည် အသင်းချုပ်များမှ တာဝန်ရှိသူများ ပါဝင်သော ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ဈေးကွက်အတွင်းပါဝင် ရင်းနှီးမြှုပ်နှံနိုင်ရန် နိုင်ငံခြားသားများ မြန်မာကျပ်ငွေဖြင့် ငွေချေးသက်သေခံလက်မှတ် စာရင်းဖွင့်လှစ်နိုင်ရေး၊ အရင်းအနှီးများ ပြည်တွင်းသို့ စနစ်တကျ စီးဝင်/စီးထွက်ခြင်း၊ ငွေချေးသက်သေခံ လက်မှတ်များ ရောင်းဝယ်ရာမှ မြတ်စွန်းငွေအပေါ် ကျသင့်အခွန်ပေးဆောင်ရေး တို့နှင့်စပ်လျဉ်း၍ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊ ရန်ကုန်စတော့ အိပ်ချိန်း၊ စာရင်းဝင်ကုမ္ပဏီများနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီတို့မှ တာဝန်ရှိသူများ၊ ဂျပန်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်