ရန်ကုန် ၃၀ နိုဝင်ဘာ
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် မီးသတ်စခန်း၌ ဖွင့်လှစ်ခဲ့သည့် အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီအချိန်က မြို့နယ်မီးသတ်စခန်း သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဆင်း အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်မှ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး ထူးချွန်ဆုရရှိသူများ အား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခိုင်ဝင်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်မင်းတို့မှဆုများ ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် အရန်မီးသတ်တပ်ဖွဲ့ဝင် များအတွက် တူညီဝတ်စုံများကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပေးအပ်ရာ မြို့နယ်အရန်မီးသတ်တပ်ရင်း ဒုတိယတပ်ရင်းမှူး ဦးလှထွန်းမှ လက်ခံရယူခဲ့သည်။
သင်တန်းအား (၄)ပတ်ကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းသား(၅၀)ဦးအား လက်နက်မဲ့စစ်ရေးပြ၊ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်ခန်းစာများအား စာတွေ့လက်တွေ့ ပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။
ဝင်းထက်ထက်အောင် (ပြန်/ဆက်)