၁၆ သြဂုတ်
ဒီနေ့ခေတ်မှာ ခရမ်းလွန်အစွမ်းကြောင့် အသားအရေကို မထိခိုက်စေဖို့ နေလောင်ကာခရင်မ်ကို အားကိုးတကြီး နေ့တိုင်းမပါမဖြစ် သုံးလာကြပါတယ်။ မျက်နှာအတွက်လည်း လိမ်းဦးမှ၊ ခြေလက်တွေအတွက်လည်း လိမ်းဦးမှ။ မိတ်ကပ်မလိမ်းရင်တော့ နေလောင်ကာ ခရင်မ်လေးတော့ လိမ်းတတ်ကြပါတယ်။ ဒါပေမယ့် နေလောင်ကာခရင်မ်ဖြစ်တိုင်း ပြီးရောလား။
ကိုယ်သုံးမယ့် နေလောင်ကာခရင်မ်ဟာ အသားအရေကို မထိခိုက်စေတာ သေချာပြီလား။ နေလောင်ကာခရင်မ်ရဲ့အရည်အသွေးနဲ့ ပါဝင်ပစ္စည်းတွေ၊ဘေးကင်းစိတ်ချရမှုတို့ကို ထည့်စဉ်းစားပြီးမှ ရွေးချယ်သင့်ပါတယ်နော်။
တံဆိပ်မျိုးစုံနဲ့ရောင်းချကြတဲ့အထဲ တချို့ထုတ်ကုန်တွေမှာ oxybenzone၊ triclosan၊ parabens နဲ့ phthalates တို့လို ဘေးဥပါဒ် ဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်တတ်ပါတယ်။ ဒါကို ရှောင်နိုင်ဖို့ အရေးကြီးပါတယ်နော်။ ဒီဒြပ်ပေါင်းတွေကြောင့် ဟော်မုန်းလုပ်ဆောင်ချက်တွေကို ပျက်ယွင်းစေပြီး ဆဲလ်တွေကိုပျက်စီးစေတယ်၊ ကင်ဆာဖြစ်စေနိုင်တယ်။
ဒီလိုမကောင်းတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အရည်အသွေး ညံ့တာတွေသုံးမိရင် ကိုယ့်မှာဘာတွေထိခိုက်စေနိုင်မလဲ ဆိုတာသိရင် ဈေးပေါတာ၊ အလွယ်ရတာတွေ သုံးဖြစ်တော့မှာမဟုတ်ပါဘူး။ ဆက်ပြီးဖတ်ကြည့်နော်။
(၁) ဟော်မုန်းလုပ်ဆောင်ချက်ကို ပျက်ယွင်းစေတယ်
လေ့လာမှုတွေအရ oxybenzone ၊ triclosan၊ parabens နဲ့ phthalates တို့က ဟော်မုန်းတွေကို ကမောက်ကမ ဖြစ်စေတယ်လို့ ဖော်ပြကြပါတယ်။ ဒါတွေမပါတဲ့ ထုတ်ကုန်တွေကို ရွေးချယ်သင့်တယ်နော်။
(၂) ဆဲလ်တွေကို ပျက်စီးစေတယ်
Oxybenzone ဟာ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူပေးလို့ နေလောင်ကာခရင်မ်တွေမှာ အသုံးများတဲ့ ဓာတုပစ္စည်းပါ။ ဒါပေမယ့် ဟော်မုန်း လုပ်ဆောင်ချက်ပျက်ယွင်းမှုတွေနဲ့ ဆဲလ်ပျက်စီးမှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီဓာတ်က ဆဲလ်တွေရဲ့ကြီးထွားဖွံ့ဖြိုးမှုကို ဟန့်တားပြီး ဒီအန်င်အေဖြစ်ပေါ်မှု လုပ်ဆောင်ချက်တွေမှာ ဝင်ရောက်နှောင့်ယှက်နိုင်ပါတယ်။ မျိုးဗီဇသန္ဓေပြောင်းခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ Oxybenzone ဟာ အမျိုးသမီးကြီးတွေမှာ သားအိမ်ရောဂါဖြစ်စေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ကိုယ်ဝန်ဆောင် ကာလအတွင်း oxybenzone ပမာဏများနေတဲ့ အမျိုးသမီးတွေမှာဆိုရင် ပေါင်မပြည့်တဲ့ သမီးမိန်းကလေး မွေးဖွားလာတတ်တယ်လို့ သိရပါတယ်။
(၃) ကင်ဆာဖြစ်စေနိုင်တယ်
ဒီဓာတုပစ္စည်းတွေကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားလာစေပြီး မျိုးဗီဇပြောင်းလဲမှုတွေကြောင့် ကင်ဆာဖြစ်လာစေနိုင်ပါတယ်။
(၄) ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများတယ်
လေ့လာမှုတွေအရ နေလောင်ကာခရင်မ်ရဲ့ဓာတုပစ္စည်းတွေမှာပါတဲ့ benzophenones က ခန္ဓာကိုယ်ထဲမှာ အက်စထရိုဂျင်လွန်ကဲတဲ့ အာနိသင်အတိုင်း တူညီတဲ့ လုပ်ဆောင်ချက်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ရင်သားကင်ဆာလို ရောဂါတွေဖြစ်လာနိုင်ခြေပိုများစေပါတယ်။
နေလောင်ကာခရင်မ် ဘယ်လိုရွေးချယ်မလဲ
အပေါ်မှာပြောခဲ့တဲ့ ပါဝင်ပစ္စည်းတွေမပါတဲ့ နေလောင်ကာခရင်မ်ကို ရွေးချယ်ပါ။ titanium နဲ့ zinc သတ္တုဓာတ်တွေပါဝင်တဲ့ အမျိုးအစားကို ရွေးချယ်ပါ။ ဒီလိုခရင်မ်တွေက ဓာတုပစ္စည်းဆိုးတွေလို အသားအရေထဲ ထိုးဖောက်မဝင်ရောက်နိုင်တာက ကောင်းကျိုးတစ်ခုပါ။ သဘာဝပစ္စည်းကို အခြေခံပြီး ထုတ်လုပ်တဲ့ ထုတ်ကုန်တွေလည်း ရှိပါတယ်။ အကောင်းဆုံးက အရည်အသွေးနဲ့ ဘေးကင်းမှုကို အာမခံတဲ့ အမှတ်တံဆိပ်ကို ရွေးချယ်ပါ။ အနည်းဆုံး SPF 30 လောက်ရှိတဲ့ နေလောင်ကာခရင်မ်ကို ရွေးချယ်ပါ။
ရေးသားသူ - Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”