အရည်အသွေးမြင့် အဆင့်အတန်းမီ လျှပ်စစ်ကျွမ်းကျင် လုပ်သားများကို မွေးထုတ်ပေးလျက်ရှိ

ရန်ကုန် ၁၀ စက်တင်ဘာ 
 
 
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန လျှပ်စစ်ကျွမ်းကျင်မှု (အခြေခံသင်တန်း)အမှတ်စဉ် (၃/၂၀၁၈)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၈) နာရီက မရမ်းကုန်းမြို့နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ လျှပ်စစ်စစ်ဆေးရေး သင်တန်းခန်းမတွင် ကျင်းပခဲ့ရာ အရည်အသွေးမြင့် အဆင့်အတန်းမီ လျှပ်စစ်ကျွမ်းကျင် လုပ်သားများကို အဆိုပါ သင်တန်းများမှ မွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။
 
 
သင်တန်းဖွင့်ပွဲတွင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက စက်မှုဝန်ကြီးဌာနမှ လုပ်ငန်းတာဝန်(၅)ရပ်ကို ဦးတည်ချက်ထား၍ လုပ်ဆောင်လျက်ရှိပြီး လျှပ်စစ်ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာစေရန်၊ လျှပ်စစ်လုပ်ငန်း ဆောင်ရွက်ရာတွင် အန္တရာယ်ကင်းစေရန်၊ လျှပ်စစ်သုံး စက်ပစ္စည်းကိရိယာများကို ကျွမ်းကျင်စွာ အသုံးပြုတတ်လာစေရန်နှင့် အရည်အသွေးကောင်းမွန်သည့် လျှပ်စစ်ပစ္စည်းများ ရွေးချယ် အသုံးပြုတတ်လာစေရန်၊ လျှပ်စစ်ပိုင်းဆိုင်ရာ လုပ်ငန်းများ ကျွမ်းကျင်လာသည်နှင့်အမျှ စက်ရုံ၊ အလုပ်ရုံများတွင် လျှပ်စစ်ဆိုင်ရာ စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု နည်းလာခြင်း၊ လျှပ်စစ်ပိုင်း ချို့ယွင်းမှုကြောင့် စက်ရပ်နားချိန် လျော့နည်းလာခြင်းဖြင့် ကုန်ထုတ်စွမ်းအား တိုးတက်လာစေရန်၊ လျှပ်စစ်ဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာပြီး မိမိကိုယ်တိုင်သာမက ပတ်ဝန်းကျင်ကိုပါ ဆင့်ကဲပြန့်ပွားအောင် ဖြန့်ဝေပေးခြင်းဖြင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးကို ပိုမိုစွမ်းဆောင်လာနိုင်စေရန်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ပြောကြားသည်။
 
 
လျှပ်စစ်ကျွမ်းကျင်မှု အခြေခံသင်တန်းကို တစ်နှစ်လျှင်(၂)ကြိမ် ဖွင့်လှစ်လျက်ရှိပြီး သင်တန်းကာ လမှာ(၆)ပတ်ကြာမြင့်မည်ဖြစ်၍ စင်တင်ဘာ(၁၀)ရက်မှ အောက်တိုဘာ((၁၉)ရက်နေ့ထိ သင်တန်းသား(၉၅)ဦးကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 
 
“ကျွန်မက ဘီအီးအီးပီနဲ့ ကျောင်းပြီးထားတာဆိုတော့ လျှပ်စစ်လုပ်ငန်းကို ပိုပြီးနားလည်ချင်တယ်။ အလုပ်လျှောက်ထားတယ်ဆိုတော့ လုပ်ငန်းခွင်အတွက်လည်း အသုံးဝင်တယ်လေ။ လျှပ်စစ်နဲ့စွမ်းအင်ဟာ တိုင်းပြည်အတွက် အရေးပါပါတယ်။ လူငယ်တွေအတွက်လည်း အခွင့်အရေးကောင်း တစ်ခုပါ။ တက္ကသိုလ်ဝင်တန်းလည်း သင်ကြား တက်ရောက်နိုင်တာကြောင့် အမျိုးသားလူငယ်တွေအတွက် ပိုပြီးအကျိုးရှိစေပါတယ်” ဟု သင်တန်းသူ မစုပိုပိုအောင်က ပြောသည်။
 
 
ယခုဖွင့်လှစ်သော သင်တန်းတွင် အခြေခံလျှပ်စစ်ဘာသာရပ်၊ လျှပ်စစ်တိုင်းတာရေး မီတာများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ စက်ရုံ/အလုပ်ရုံနှင့် အိမ်တွင်းလျှပ်စစ်တပ်ဆင်ခြင်း၊ မြေဓာတ်ချခြင်းနှင့် မိုးကြိုးလွှဲ၊ လျှပ်တာပြောင်းအခြေခံ၊ အေစီ/ဒီစီမော်တာများ၊ အေစီ/ဒီစီလျှပ်ထုတ်စက်၊ ကောင်းကင်ဓာတ်အားလိုင်း၊ အခြေခံအီလက်ထရောနစ်၊ လျှပ်စစ်ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ လျင်မြန်ပြုစု-အသက်ကယ်မှု ဘာသာရပ် အသီးသီးတို့ကို သင်ကြား ပေးသွားမည်ဟု သိရသည်။
 
 
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရာတွင် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသော ကဏ္ဍတစ်ခုဖြစ်ပြီး တိုးတက်လာသည့် စက်ရုံအလုပ်ရုံများတွင် လျှပ်စစ်ကျွမ်းကျင်လုပ်သားများလည်း လိုအပ်လာသောကြောင့် ဤသင်တန်းမှ အရေအသွေးမြှင့် အဆင့်အတန်းမီ လျှပ်စစ်ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
 
 
သန်းထိုက်
ဓာတ်ပုံ -သန်းစိုး