လင်းထက်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာနက ဦးစီးကျင်းပသော ဒသမအကြိမ်မြောက် သုတေသန စာတမ်းဖတ်ပွဲကို မန္တလေးမြို့ရှိ တိုင်းရင်းဆေးတက္ကသိုလ်တွင် ကျင်းပရာ အဆိုပါစာတမ်းဖတ်ပွဲသို့ တက်ရောက်ခဲ့ကြသော တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းရင်းဆေး လောကသား များနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-
ဒေါက်တာမိုးဆွေ (တိုင်းရင်းဆေးပညာဦးစီးဌာန - ညွှန်ကြားရေးမှူးချုပ်)
အခုနောက်ပိုင်းမှာ တိုင်းရင်းဆေးကဏ္ဍကို ပြည်သူတွေကလည်း ပိုအားကိုးလာတယ်၊ တိုင်းရင်းဆေးဘက်ကလည်း စနစ်ပိုကျလာတယ်။ စနစ်ကျလာတယ် ဆိုတာကလည်း တိုင်းရင်းဆေးပညာဦးစီးဌာနတစ်ခုတည်း မဟုတ်ပါဘူး။ တိုင်းရင်းဆေးကို လုပ်နေတဲ့ တိုင်းရင်းဆေးလောကကြီးတစ်ခုလုံးကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတဲ့ အဖွဲ့စုံ ပူးပေါင်းလုပ်ဆောင်နေလို့ ဖြစ်ပါတယ်။ ပြည်သူတွေအပါအဝင်ပေါ့။ တိုးတက်နေပေမယ့်လည်း ထပ်ပြီးတော့ အရည် အသွေးမြှင့်ဖို့အတွက်သုတေသနတွေလိုတယ်။ ဒါကြောင့် ဒီလိုသုတေသနစာတမ်းဖတ်ပွဲတွေ လုပ်ရတာဖြစ်ပါတယ်။ တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ နံပါတ်(၁) လူ၊ ဆေးဆရာပေါ့။ တိုင်းရင်းဆေးဆရာတွေရဲ့ ပညာတွေ တိုးတက်ဖို့လိုတယ်၊ ကျင့်ဝတ်တွေ ပိုကောင်းအောင်လုပ်ဖို့ လိုတယ်။ နံပါတ်(၂) ဆေး၊ သူသုံးတဲ့ ဆေးအရည်အသွေး ကောင်းဖို့လိုတယ်။ ကုန်ကြမ်းကအစ ပြည်တွင်းကပဲဝယ်ဝယ်၊ ပြည်ပကပဲဝယ်ဝယ် ဆေးတွေကိုရွေးပြီးတော့ ကုန်ကြမ်းကောင်းအောင်လုပ်ရင် ကုန်ချောလည်း စနစ်တကျရှိမယ်။ နံပါတ်(၃)က ကုထုံး၊ ဆေးဆရာရှိတယ်။ ဆေးရှိတယ်ဆိုရင် သူ့ရဲ့ ကုထုံးတွေက ခေတ်မီအောင်လုပ်ရတာပေါ့။ ဒါအတွက် သုတေသနလိုပါတယ်။
ပါမောက္ခ ဒေါက်တာသိန်းဇော်လင်း (ခေတ္တပါမောက္ခချုပ် - တိုင်းရင်းဆေး တက္ကသိုလ်၊ မန္တလေး)
သုတေသနစာတမ်းဖတ်ပွဲက (၁၀)ကြိမ်မြောက်အထိ ရောက်လာပြီ။ အဲဒီတော့ ပထမဦးဆုံး ပထမ၊ ဒုတိယ၊ တတိယအကြိမ်တွေ လုပ်တုန်းကထက်စာရင် ခုစာတမ်းတွေရဲ့ အရည်အသွေးတွေက တအားကိုတက်လာတယ်။ သိသိသာသာကို ပြောင်းလဲလာတယ်။ ပိုပြီးတော့ သိပ္ပံနည်းကျလာတယ်။ သုတေသန Format တွေ ပိုပြီးကျလာ တယ်။ အနောက်တိုင်းဆေးမှာက သုတေသနလုပ်ပြီးတာတွေ တော်တော်များတယ်။ တိုင်းရင်းဆေးမှာက အခုမှစတာ၊ သုတေသနလုပ်ဖို့ လိုသေးတာတွေ အများကြီးကျန်သေးတယ်။ ဟိုအရင်ကဆိုရင် သုတေသနလုပ်ဖို့ ငွေရေးကြေးရေးက တော်တော်စဉ်းစားရတယ်။ ခုကျတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက တစ်နှစ်ထက်တစ်နှစ် သုတေသနရန်ပုံငွေတွေ ပိုပိုပြီးတိုးချပေးတယ်။ ငွေရေးကြေးရေး အရင်လိုစိတ်ပူစရာ မလိုတော့ ပိုပြီးအားစိုက်နိုင်တော့ သုတေသနရလဒ်ကောင်းတွေ ထွက်ပေါ်လာတာပေါ့။
ဦးဝင်းမြင့်
(သုတေသနဖွံ့ဖြိုးရေးဦးစီးဌာန-ညွှန်ကြားရေးမှူး၊ အငြိမ်းစား/ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်)
တကယ်တမ်း သုတေသနသဘောအရကြည့်ရင် တိုင်းရင်းဆေးသုတေသန ဧရိယာကြီးက တော်တော်ကျယ်ဝန်း တယ်။ ဒီလိုကျယ်ဝန်းတဲ့အခါကျတော့ ဒီလိုသုတေသနတွေ လုပ်ရင်းလုပ်ရင်း တကယ့်အမှန်တရား အထောက်အထားခိုင်လုံတဲ့ အရာတွေ လူတွေဆီကို ပြန်မျှဝေရတယ်။ သုတေသီအငယ်လေးတွေကိုလည်း အားပေးရင်း သုတေသီအကြီးတွေကလည်း ဗဟုသုတတွေမျှဝေရင်း စာတမ်းဖတ်ပွဲတွေက တိုင်းရင်းဆေးဖွံ့ဖြိုးတိုး တက်ရေးအတွက် အများကြီး အထောက်အကူပြုတယ်လို့ကျွန်တော်ကတော့ အဲဒီလိုနားလည်တယ်။ ကျွန်တော် တို့နိုင်ငံရဲ့ တိုင်းရင်းဆေးက ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်မှာ ဖွံ့ဖြိုးလာနေတာကို တွေ့ရတယ်။ အထူးသဖြင့် တိုင်းရင်းဆေးဝါးတွေကိုကြည့်ရင် ပြည်သူလူထု လက်ခံတာရော၊ တချို့ နိုင်ငံခြားတောင် ပို့နေရတာရောကြည့်ရင် တော်တော်လေး ဖွံ့ဖြိုးလာတယ်လို့ ပြောလို့ရတယ်။
ဒေါ်ဝင့်သိဂီ (လက်ထောက်ကထိက၊ ကျောရိုးအဆစ်ပညာဌာန၊ တိုင်းရင်းဆေးက္ကသိုလ်)
အခု တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ ကျင်းပလာတာ (၁၀)ကြိမ်မြောက်ရှိပြီ။ နှစ်စဉ်တိုင်းဒေသကြီးနဲ့ ပြည်နယ်အကုန်လုံးမှာရှိတဲ့ စာတမ်းတွေ ဖတ်တာကိုတွေ့ရတယ်။ တချို့ကျတော့ ဆေးပင်တွေကနေ အာနိသင်တွေ စမ်းတာရှိတယ်။ တချို့ကျတော့ တိုင်းရင်းဆေးပညာကုထုံးအနေနဲ့ ဆောင်ရွက်တာတွေရှိတယ်။ တိုင်းရင်းဆေး ကကျတော့ လူတွေလည်း အများဆုံး အသုံးပြုတယ်။ ဒါပေမယ့် အားနည်းနေတာ ဘာလဲဆိုတော့ သုတေသနခိုင်ခိုင် မာမာပြနိုင်ဖို့အားနည်းနေတယ်။ အဲဒါတွေ ခိုင်ခိုင်မာမာပြနိုင်မှ ပြည်သူလူထု ထဲမှာ ပိုပြီးတော့မှချပြနိုင်မယ်။ ပြီးရင် တိုင်းရင်းဆေးပညာကို ယုံကြည်ပြီး အားကိုးလာမယ်။ အဲဒီရည်ရွယ်ချက်တွေနဲ့ ဒီသုတေသနစာတမ်းဖတ်ပွဲတွေ လုပ်ရင် အောင်မြင်မယ်လို့ ယူဆပါတယ်။
ဒေါ်သန်းသန်းဆွေ (ဒု-ဆေးရုံအုပ်-၁၆ ခုတင်ဆံ့ဆေးရုံ ကြို့ပင်ကောက်)
ခုတိုင်းရင်းဆေးနဲ့ပတ်သက်လို့ သုတေသနစာတမ်းဖတ်ပွဲလုပ်တာ အင်မတန်မှ ကောင်းမွန်ပါတယ်။ အဲဒီလိုပဲ စာတမ်းဖတ်ပွဲတွေ နှစ်စဉ်ကျင်းပပေးစေလိုပါတယ်။ ဆေးဝါးတွေကိုလည်း သုတေသနလုပ်ပြီးတော့ ကုသလို့ရှိရင် ပိုပြီး ထိရောက်အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်။ ခုစာတမ်းဖတ်ပွဲမှာလည်း သုတေသနစာတမ်းတွေ ကောင်းပါ တယ်။ အရင်ကတည်းက သုံးနေတာတွေဆိုပေမယ့်လည်း ခုလိုသုတေသနလုပ်ပြီး ထုတ်ပြတော့ လက်ရှိသုံးစွဲ နေတာတွေကိုလည်း ပိုပြီးခိုင်ခိုင်မာမာနဲ့ သုံးစွဲရဲသွားပါမယ်။
ဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)
ဒီစာတမ်းဖတ်ပွဲက (၁၀)ကြိမ်မြောက်ဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ်က နေပြောရရင် ၁၁ နှစ်ရှိပြီ။ ၁၁ နှစ်မှာ ကြားဖြတ် ၁ နှစ်မလုပ်ဖြစ်လိုက်ဘူး။ (၁၀)ကြိမ်အထိရောက်လာတဲ့အတွက်လည်း ဝမ်းသာပါတယ်။ ဘယ်လုပ်ငန်း မဆို သုတေသနမခိုင်မြဲရင် လုပ်ငန်းဟာ တစ်ဟုန်ထိုး တိုးတက်ဖို့၊ တည်တံ့ဖို့မလွယ်ပါဘူး။ ခုကျွန်တော်တို့ မြန်မာ့တိုင်းရင်းဆေးလုပ်ငန်းကသုတေသနလုပ်ငန်းတွေကို သေသေချာချာလုပ်လာတာ အခု သုတေသနစာတမ်း ဖတ်ပွဲ (၁၀)ကြိမ်မြောက်တောင် ရောက်လာပါပြီ။ အဲဒီအတွက်လည်း ဂုဏ်ယူပါတယ်။ သုတေသန စာတမ်းဖတ်ပွဲကြီး တွေ ဖြစ်မြောက်ဖို့အတွက် ကျွန်တော်တို့ တိုင်းရင်းဆေးဝါးထုတ်လုပ် သူများက (၁၀)ကြိမ်စလုံး အားတက်သရော ပါဝင်ကူညီနိုင်ခဲ့တာ ဂုဏ်ယူလို့မဆုံးပါဘူး။ ဒီသုတေသနစာတမ်းဖတ်ပွဲကို (၁၀)နှစ်ဆက်တိုက် အောင်မြင်အောင် လုပ်ဖို့တော်တော်ခက်ခဲပါတယ်။ တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲက တိုင်းရင်းဆေးဆရာတွေ၊ လုပ်ငန်းရှင် တွေအတွက် အခြေခံကျတဲ့ သုတေသနစာတမ်းတွေရရှိသလို ပြည်သူလူထုကလည်း တိုင်းရင်းဆေးအပေါ် ယုံကြည်သည်ထက်ယုံကြည်လာတယ်။ အားကိုးသည်ထက် အားကိုးလာတယ်။ အဲဒီလို အကျိုးအမြတ်မျိုးကို တိုင်းရင်းဆေး သုတေသနစာတမ်းဖတ်ပွဲကနေ ရရှိပါတယ်။
ဒေါ်ညို (ရန်ကုန်အနောက်ပိုင်းခရိုင် တိုင်းရင်းဆေးမှူး)
သုတေသနစာတမ်းဖတ်ပွဲတွေ လုပ်ရတာကိုက မြန်မာ့တိုင်းရင်းဆေး ပညာရပ်ကို မိရိုးဖလာနည်းကနေ ပိုပြီး အဆင့်မြင့်တဲ့ သိပ္ပံနည်းကျ လက်တွေ့နည်းကျစေဖို့အတွက် ရည်ရွယ်တာပါ။ ဒီလိုသုတေသနတွေ ပြုလုပ်ခြင်း အားဖြင့် ကုထုံးအသစ်၊ ဆေးဝါးအသစ်တွေ ပေါ်ထွက်လာတယ်၊ ပြည်သူတွေကလည်း ဒီဆေးဝါးအသစ်၊ ကုထုံးအသစ်တွေပေါ်ကို ပိုပြီး ယုံကြည်မှုရှိလာစေတယ်။ အားကိုးလာစေနိုင်ပါတယ်။
ဦးဇော်နိုင် (ချမ်းသာသုခတိုင်းရင်းဆေးခန်း၊ စစ်ကိုင်း)
ကျွန်တော်တို့ဆီမှာ တိုင်းရင်းဆေး နယကြီးလေးပါးရှိတယ်။ အဲဒီလေးပါးကို ကျွန်တော်တို့က ဖွံ့ဖြိုးအောင် လုပ်နေတယ်။ ဒါပေမယ့် နိုင်ငံတကာ အဆင့်အတန်းဝင်ဖို့ ကျွန်တော်တို့ဆီမှာ လိုနေတာက နိုင်ငံတကာ စံချိန်စံညွှန်းနဲ့သွားနိုင်တဲ့ တိုင်းရင်းဆေးဝါးအဘိဓာန်လိုအပ်နေတယ်။ နယကြီးတစ်ပါးစီရဲ့ အဘိဓာန်ကို အင်္ဂလိပ်-မြန်မာ-ပါဠိ အဲလိုသုံးဘာသာလောက်နဲ့လုပ်နိုင်တဲ့ အဘိဓာန်ဖြစ်လာဖို့လိုတယ်။ ပြီးတော့ ကျွန်တော်တို့ တိုင်းရင်းဆေးကို အခြေခံတဲ့စာတမ်းတွေ ခဏခဏထွက်ပေါ်လာနိုင်ရင် တိုင်းရင်းဆေးလောက ဖွံ့ဖြိုးတိုးတက် မယ်လို့ ယေဘုယျအားဖြင့် ကျွန်တော်ယူဆပါတယ်။