ရန်ကုန် အောက်တိုဘာ ၄

မှတ်တမ်းဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်း သင်တန်း(၂/၂၀၂၂)ဆင်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီခွဲက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ကျင်းပပြီး သင်တန်းသား ၂၁ ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူအားပြန်ကြားပေးခြင်းနှင့် ပြည်သူနှင့်ဆက်ဆံအသိပညာပေးရာ၌ သတင်းနှင့်ဓာတ်ပုံပညာမှာ အရေးပါသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိဌာနနှင့်နိုင်ငံအတွက် အကျိုးပြုသတင်းဓာတ်ပုံများ ရိုက်ကူးထုတ်လုပ်ရန် ယခုသင်တန်းမှ အထောက်အပံ့ကောင်းများ ရရှိစေမည်ဖြစ်ကြောင်းပြောကြားပြီး သင်တန်းသားများကို သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။

ဓာတ်ပုံရိုက်ကူးနည်းသင်တန်းတွင် Camera Setting နှင့် Camera ပိုင်းဆိုင်ရာ အချက်အလက်များ၊ နေ့ပိုင်းနှင့်ညပိုင်း Indoor ရိုက်ကူးခြင်းနှင့် Outdoor ရိုက်ကူးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်နေသောလုပ်ငန်းစဉ်များ၊ သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေနှင့်ကျင့်ဝတ်များ၊ ရုပ်ရှင်နှင့်ဗွီဒီယို ကြီးကြပ်ရေးလုပ်ငန်းများ၊ ဓာတ်ပုံပညာမျှော်မှန်းချက်၊ ဓာတ်ပုံပြိုင်ပွဲ ဝင်ရောက်ရာ၌ ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များကို ဓာတ်ပုံပညာရှင်နှင့်သင်တန်းဆရာများက သင်ကြားခဲ့သည်။

ဆက်လက်၍ ဓာတ်ပုံရိုက်ကူးတည်းဖြတ်နည်းသင်တန်း(၂/၂၀၂၂) သင်တန်းသားများ ကိုယ်စားသင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ ယင်းနောက် သင်တန်းကာလ(၉)ရက်တွင် လက်တွေ့ကွင်းဆင်းရိုက်ကူးခဲ့သောဓာတ်ပုံများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန်ရှိသူ များကကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ကနူး 
ညိမ်းသူ (သတင်းစဉ်)