အရည်အသွေးရှိသော စာရင်းအင်းအချက်အလက်များနှင့် တိုင်းပြည်၏ဖွံ့ဖြိုးမှု

နေပြည်တော် ၄ နိုဝင်ဘာ

 

စာရင်းအင်းအချက်အလက်မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော မြန်မာ စာရင်းအင်းဖိုရမ်(၂၀၁၈)ကို တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။ ဤဖိုရမ်ကို ''Better Data, Better Statistics, Better Lives: Transforming Data Culture in Myanmar'' ဆိုသည့်ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

 

မြန်မာစာရင်းအင်းဖိုရမ်(၂၀၁၈)ကို တိကျသော ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ရည်ရွယ်ချက်များအနက် မြန်မာနိုင်ငံတွင် စာရင်းအင်းပညာ (Statistics Literacy) တိုးမြှင့်စေရေး ပါဝင်သကဲ့သို့ စာရင်းအင်းအချက်အလက်ယဉ်ကျေးမှု (Data Culture) များ ပြန့်ပွားစေရေးလည်း ပါဝင်ပါသည်။ တိုင်းပြည်၏ လိုအပ်ချက်နှင့် အညီ ဤဖိုရမ်၌ စာရင်းအင်းထုတ်ဝေသူများနှင့် အသုံးပြု သူများအကြားဆက်ဆံရေးမြှင့်တင်ရေးကို ဦးတည်မည်ဖြစ်သကဲ့သို့ စာရင်းအင်းအသုံးပြု သူများ၏ လိုအပ်ချက်များ သိရှိစေရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကျောင်းသားလူငယ်များအကြား စာရင်းအင်းကဏ္ဍမြှင့်တင်ရေးအတွက် Statistics Quiz များ ဆောင်ရွက်ရန် ဦးတည်ခြင်းသည်လည်း အမျိုးသားရေးလိုအပ်ချက်တစ်ရပ်ကို ဖြည့်ဆည်းရန် ကြိုးပမ်းလိုက်ခြင်းဖြစ်ပါသည်။

 

တိုင်းပြည်၏ စာရင်းအင်းအချက်အလက်များ မမှန်ကန်ပါက ချမှတ်လိုက်သော တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးမူဝါဒများသည် အလွဲလွဲအချော်ချော်ဖြစ်နေမည် ဖြစ်ပါသည်။ ဤအချက်ကို ဖွံ့ ဖြိုးပြီးနိုင်ငံများ အပါအဝင် ဖွံ့ ဖြိုးဆဲနိုင်ငံများ၌ ထင်ထင်ရှားရှား တွေ့ရပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားစာရင်းအင်းစနစ် အရည်အသွေးပြည့်ဝမှသာ မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ၊ လူမှုစီးပွားသုတေသန ဆောင်ရွက် သူများအနေဖြင့် စီမံကိန်းရေးဆွဲခြင်း၊ ဖွံ့ဖြိုးမှုမူဝါဒများနှင့် စီးပွားရေးဝန်းကျင်ကောင်းများကို ဖန်တီး ချမှတ်နိုင်မည် ဖြစ်ပါသည်။ စာရင်းအင်းအချက်အလက်မှန်ကန်ရေးသည် တိုင်းပြည်၏ ဖွံ့ဖြိုးမှုမူဝါဒများ ချမှတ်ရေးအတွက်သာမက စီးပွားရေးလုပ်ငန်းရှင်များအတွက်လည်း အရေးကြီးပါသည်။ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့်လည်းစာရင်းအင်းအချက်အလက်များအပေါ် အခြေခံပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်မှသာ အရှုံးဖြစ်ပေါ်နိုင်မှုနှင့် စွန့်စားရမှု(Risk Management)တို့ကို စီမံခန့်ခွဲနိုင်မည် ဖြစ်ပါသည်။

 

စိတ်ချယုံကြည်ကိုးစားရသည့် စာရင်းအင်းအချက်အလက်များရှိမှသာ ရှားပါးသည့် သယံဇာတများခွဲဝေရာ၌ မှန်မှန်ကန်ကန်ခွဲဝေနိုင်မည်ဖြစ်ပါသည်။ တိုင်းပြည်အတွက် ဤမျှအရေးကြီးသော စာရင်းအင်းအချက်အလက် များအား မှန်မှန်ကန်ကန်ရရှိရေးအတွက် လူသားရင်းမြစ် ပြုစုပျိုးထောင်ခြင်း၊ ကွန်ရက်များ တည်ဆောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများအပါအဝင် Statistics Literacyကို မူဝါဒအားဖြင့် အထူးအာရုံစိုက်ခြင်း၊ စာရင်းအင်းဥပဒေ ပြဋ္ဌာန်းသက်ရောက်မှု ရှိစေခြင်း စသည့်အရင်းအနှီးများ စိုက်ထုတ်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ အဆိုပါ အမျိုးသားရေးလိုအပ်ချက်များနှင့်အညီ စာရင်းအင်းဥပဒေကို၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁/၂၀၁၈ ဖြင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။ ဗဟိုစာရင်းအင်း အဖွဲ့က မကြာမီ နည်းဥပဒေထွက်ရှိနိုင်ရေးအတွက်လည်း ဆောင်ရွက်နေပြီဖြစ်ပါသည်။

 

စာရင်းအင်းဥပဒေအရ စာရင်းအင်းမူဝါဒ အနှစ်ချုပ် (Statistical Policy Brief)နှင့် စာရင်းအင်းဆိုင်ရာ ဖွံ့ ဖြိုးမှု အမျိုးသားအဆင့်မဟာဗျူဟာ (National Strategy for Development of Statistics-NSDS)တို့ ရေးဆွဲအကောင်အထည်ဖော်နိုင်ရေးအတွက် အဓိကမဟာဗျူဟာမူဘောင် (NSDS Core Strategies) ကို ၂၀၁၆ ခုနှစ်တွင် စီးပွားရေးရာကော်မတီသို့ အတည်ပြုတင်ပြခဲ့ပြီးဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်အစိုးရသည် တိုင်းပြည်၏ ဖွံ့ ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်သည့် အရည်အသွေးရှိသော စာရင်းအင်း များရရှိရေးကို ဦးတည်လျက် ရေတို၊ ရေရှည် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်နေပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း