mdn

နေပြည်တော် ၂၆ မေ

 

ပညာရေးဝန်ကြီးဌာန ၂၀၁၉-၂၀၂၀ ပညာသင်နှစ် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့မေတ္တာရပ်ခံချက်တနင်္ဂနွေ၊ မေ ၂၆၊ ၂၀၁၉မေလ ၂၅ ရက်မှ ၃၁ ရက်အထိသည် လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည်။ “မည်သည့်ခွဲခြားမှုမျှ မရှိဘဲ ကျောင်းနေအရွယ်ကလေးအားလုံး အရည်အသွေးရှိသော ပညာသင်ယူခွင့်ရရှိဖို့ မိဘပြည်သူအားလုံး ဝိုင်းဝန်းကူညီစို့”ဟူသော ဆောင်ပုဒ်ဖြင့်လည်း ကလေးများ ကျောင်းအပ်နှံရေးအတွက် တိုက်တွန်း နှိုးဆော်ထားသည်။ ထို့အပြင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း၊ လက်ခံခြင်းမပြုရဟူသော အချက်မှစတင်ကာ စုစုပေါင်းအချက် (၁၇)ချက်ပါရှိသည့် ပညာရေးဝန်ကြီးဌာန ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများ အားလုံး သိရှိလိုက်နာရမည့် အချက်များကို မီဒီယာများမှတစ်ဆင့် လူသိရှင်ကြား ထုတ်ပြန်ထားသည်။

 

ပညာရေးဝန်ကြီးဌာနက အခြေခံပညာသင်ရိုးသစ်များကို သင်ကြား ပေးလျက်ရှိရာ ယင်းသို့သင်ကြားခြင်းဖြင့် ကျောင်းသား ကျောင်းသူများ စည်းကမ်းလိုက်နာမှု ပိုမိုမြင့်မားလာခြင်း၊ နိုင်ငံချစ်စိတ် တိုးတက်လာခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်လာခြင်း၊ တန်းတူညီမျှ စိတ်ဓာတ်ရှိလာခြင်း၊ တီထွင်ကြံဆမှုနှင့် စဉ်းစားတွေးခေါ်မှုများ ပိုမိုတိုးတက်လာခြင်းဟူသော အကျိုးရလဒ်များ ရရှိလာမည်ဟုလည်း ဆိုထားသည်။ သင်ရိုးသစ်တွင် ယခင်က တွဲဖက်သင်ရိုး ဘာသာရပ်များဖြစ်သည့် ကာယ၊ ပန်းချီ၊ ဂီတ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝအတွက်တာ ကျွမ်းကျင်စရာတို့မှာ သင်ရိုး ဘာသာရပ်များ ဖြစ်လာခြင်းပင်ဖြစ်သည်။ သို့ဖြစ်သည့်အလျောက် ကျောင်းတိုင်းကျောင်းတိုင်းတွင် အဆိုပါ ဘာသာရပ်များကို သင်ကြားပို့ချ ပေးနိုင်ရန်အတွက် လိုအပ်ချက်များအားလုံး ဖြည့်ဆည်းကြရတော့မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သင်ရိုးသစ်၏ ရည်ရွယ်ချက်မှာ ယခင် စနစ်ဟောင်းတွင် ကျောင်းသားကျောင်းသူများကို ဆရာ၊ ဆရာမများက သင်ကြားပေးခဲ့သည့်စနစ်မှ ကျောင်းသားကိုယ်တိုင် စဉ်းစားတွေးခေါ် အဖြေရှာသည့်စနစ်သို့ ပြောင်းလဲ ရန်ဖြစ်ရာ စွမ်းဆောင်ရည်ပြည့်ဝသည့် ဆရာ ဆရာမများက သင်နည်းစနစ်များနှင့်အညီ ပြည့်ဝမှန်ကန်စွာ သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် ပညာပြည့်ဝသည့် ကျောင်းသူ ကျောင်းသားလေးများအဖြစ်ဖြင့် အနာဂတ်အတွက် တန်ဖိုးမြင့်သည့် လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာမည်ဖြစ်သည်။

 

“မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေပါသေးကြောင်း၊ အဓိကမှာ ပညာရေးစနစ်ဖြစ်ပါကြောင်း၊ ပညာရေးစနစ်မှန်ကန်လျှင် အခြားနိုင်ငံ များအား ရင်ပေါင်တန်းပြီး အချိန်တိုအတွင်း အမီလိုက်နိုင်မည် ဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံရှိ ကျောင်းသား ကျောင်းသူများအား အခြားနိုင်ငံ များမှ ကျောင်းသား ကျောင်းသူများထက် တစ်မူထူးပြီး တော်စေချင် ပါကြောင်း၊ ကျောင်းစာသာမက စာရိတ္တပိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွင် တော်စေချင်ပါကြောင်း” စသည်ဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် ဒက္ခိဏခရိုင် အခြေခံပညာအလယ်တန်းအဆင့် (သင်ရိုးသစ်) Grade-6 ခရိုင်အဆင့် ဆွေးနွေးပွဲ/သင်တန်းကို မေ ၂၁ ရက်က သွားရောက်ကြည့်ရှု အားပေး ရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပညာရေးစနစ် မှန်ကန်ကောင်းမွန်ရန် လိုအပ်သကဲ့သို့ ကျောင်းသား ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ စသည့် ဗလငါးတန်ဖွံ့ ဖြိုးရေး တွင်လည်း ဆရာ ဆရာမများက အဓိကကျသည်။ မိဘ၊ ဆရာ၊ ကျောင်းသား တို့ သုံးဦးသုံးဖလှယ် ပူးပေါင်းမှုအားကောင်းသည်နှင့်အမျှ ကျောင်းသူ ကျောင်းသား ကလေးငယ်များ ကျောင်းနေပျော်၍ စာတော်သူများ ဖြစ်လာနိုင်မည် ဖြစ်သည်။

 

မကြာမီ ကျောင်းများဖွင့်တော့မည်။ ပညာသင်နှစ်သစ်နှင့်အတူ မူလတန်းအဆင့် တတိယတန်း (Grade-3)နှင့် အလယ်တန်းအဆင့် ဆဋ္ဌမတန်း (Grade-6) သင်ရိုးညွှန်းတမ်းများလည်း အသစ်ပြောင်းလဲ တော့မည်။ သင်ရိုးသစ်များ ပြောင်းလဲသင်ကြားရာတွင် ဆရာ၊ ဆရာမ များ၏ အခန်းကဏ္ဍသည် အဓိကအရေးပါ သူများဖြစ်သည့်အလျောက် မှန်ကန်ကောင်းမွန်သည့် ပညာရေးစနစ်သစ်၏ ရည်မှန်းချက်များ ပေါက် မြောက်အောင်မြင်ရေးအတွက် စွမ်းဆောင်နိုင်ကြပါစေကြောင်း။

 

မြန်မာ့အလင်း