ထားဝယ် မတ် ၁၄

 

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့်ဖွင့်လှစ်သော အရန်သားဖွား(၆)လ သင်တန်းဆင်းပွဲကို မတ် ၁၄ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက “မိမိတို့ဒေသများတွင် မိခင်များ၊ ကလေးများကို ကျန်းမာရေး စောင့်ရှောက်မှုပေးရုံသာမက အခြားကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကိုလည်း တတ်စွမ်းသရွေ့ ပါဝင်ပူးပေါင်းဆောင်ရွက်ပေးရန် လိုကြောင်း၊ အရန်သားဖွားဆရာမများအနေဖြင့် မိမိတို့၏ရပ်ရွာဒေသကို ပြန်လည်ရောက်ရှိကြသည့်အခါ ဒေသတာဝန်ကျ ကျန်းမာရေး ဝန်ထမ်းများထံ ဆက်သွယ်သတင်းပို့ကြရန် စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများဖြစ်သည်နှင့်အညီ မိမိတို့ဒေသများရှိ ကိုယ်ဝန်ဆောင်မိခင်၊ မွေးဖွားမိခင်၊ မီးတွင်းမိခင်များနှင့် ငါးနှစ်အောက် ကလေးများအပေါ် ကျန်းမာရေး စောင့်ရှောက်မှုများ၊ ဒေသခံများအပေါ် ကျန်းမာရေးစောင့်ရှောက်မှုများကို စွမ်းဆောင်ရည်ပြည့်ဝစွာ၊ စေတနာပြည့်ဝစွာ ဆောင်ရွက်ပေးသွားကြရန် လိုကြောင်း” ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အရန်သားဖွားသင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်ပေးအပ်ကာ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက အရန်သားဖွား kit ပုံးများ ထောက်ပံပေးအပ်သည်။ ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)