ဗြိတိန် ကွန်ဆာဗေးတစ် ခေါင်းဆောင်နေရာအတွက် ရှေ့ဆုံးကနေ ပါဝင်ယှဉ်ပြိုင်နေသူ ဘောရစ်ဂျွန်ဆင်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက ယီမင်နိုင်ငံက အာလူးစက်ရုံတစ်ရုံ လေကြောင်းတိုက်ခိုက်ခံရသဖြင့် လူ ၁၄ ဦး သေဆုံးခဲ့ပြီး ရက်ပိုင်းအတွင်း ဗြိတိန်ရဲ့ ဗုံးလက်နက်တွေ ဆော်ဒီကို ရောင်းချခွင့်ပေးခဲ့ဖူးပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အခုချိန်မှာ ၎င်းရဲ့ ယှဉ်ပြိုင်ဘက်တွေက ပြည်သူအပေါ် မထီမဲ့မြင် လုပ်ဆောင်သူအဖြစ်နဲ့ ထိုးနှက်တိုက်ခိုက်တာကို ကြုံနေရပါတယ်။ အဲဒီအချိန် ဗြိတိန်ရဲ့ဗုံးတွေကို ဆော်ဒီကဝယ်ယူရတဲ့ အကြောင်းကတော့ ယီမင်မှာတိုက်ခိုက်ဖို့ပါ။

ဥပဒေချိုးဖောက်
ယှဉ်ပြိုင်ဘက် ကိုယ်စားလှယ်တွေက နိုင်ငံခြားရေးဝန်ကြီးဟာ လက်နက်ရောင်းချတာကို ခွင့်ပြုခဲ့တာဟာ ယီမင်အရပ်သား ပြည်သူတွေကို အလေးမထားတဲ့ လုပ်ရပ်ကိုလုပ်ခဲ့ ခြင်းဖြစ်တယ်လို့ စွပ်စွဲလျက်ရှိပါတယ်။ အဲဒီ လက်နက်ရောင်းချမှုကို ၂၀၁၆ ဩဂုတ်မှာ ဘောရစ်ဂျွန်ဆင်ရဲ့ အတည်ပြုထောက်ခံချက်နဲ့ ခွင့်ပြုလိုက်ပြီး တစ်ရက်အကြာမှာ ယီမင်မှာရှိတဲ့ ကျေးရွာစာသင်ကျောင်း တစ်ကျောင်းကို နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတစ်ခု ပြုလုပ်တာခံရပြီး ဗြိတိန်ဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု စည်းမျဉ်းဥပဒေကို ချိုးဖောက်နေတယ်ဆိုတဲ့ အသံတွေထွက်လာခဲ့ ဖူးပါတယ်။

အကြံဉာဏ်ရယူသင့်
ဗြိတိန်လက်နက်ထိန်းချုပ်ရေး အဖွဲ့က နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ နိုင်ငံတကာ ကုန်သွယ်ရေးဌာနက တိကျပဲ့ထိန်း လက်နက်စနစ်တွေနဲ့ ခဲယမ်းမီးကျောက်တွေကို လိုင်စင်ထုတ်ပေးဖို့ သင့် မသင့်နဲ့ ပတ်သက်လို့ အကြံဉာဏ်ရယူ ဆွေးနွေးတာတွေ ပြုလုပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တိကျပဲ့ထိန်း လက်နက်စနစ် တွေဟာဆိုရင် ဆော်ဒီလေတပ်ဖွဲ့က ယီမင်မှာ အသုံးပြုနေတဲ့ စစ်လက်နက်တွေ ဖြစ်ဖို့များပါတယ်။ ၂၀၁၆ခုနှစ် ဩဂုတ် ၁၂ ရက် ရက်စွဲနဲ့ လက်နက် တင်ပို့မှု ထိန်းချုပ်ရေးယူနစ်အဖွဲ့ကို လိပ်မူထားတဲ့ အီးမေးလ်တစ်စောင်မှာ မစ္စတာဂျွန်ဆင်ဟာ လေဆာပဲ့ထိန်းဗုံးတွေအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ခွင့်ပြုမိန့်ထုတ်ပေးတာ ဆက်လုပ်သင့်ကြောင်း အကြံပေးရတာကို ကျေနပ်နေတယ်လို့ ပြောခဲ့ပါတယ်။

မျိုးသမီးတွေသေဆုံး
အဲဒီမတိုင်မီ ဩဂုတ် ၉ရက်မှာ ဧပြီလကတည်းက သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး အဆုံးသတ်ခဲ့ပြီး ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ဆာနားကိုလေကြောင်းကနေ ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေထဲမှာ ထက်ဝက်ခန့်ဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့တာကို တွေ့ရပါတယ်။ လက်နက်ရောင်းဝယ်မှုကို ကန့်ကွက်တဲ့ လှုပ်ရှားမှုအဖွဲ့က အန်ဒရူးစမစ်က ကွန်ဆာဗေးတစ်ပါလီမန် အဖွဲ့ဟာ ကိုယ်ချင်း စာစိတ်ကင်းမဲ့မှု ကိုပြသနေတယ်လို့ စွပ်စွဲပါတယ်။ စားသောက်ကုန်စက်ရုံ တိုက်ခိုက်ဖျက်ဆီးခံလိုက်ရပြီး နောက်တစ်နေ့မှာ ဒုံးကျည်ရောင်းချမှုကို မစ္စတာ ဂျွန်ဆင်က ခွင့်ပြုပေးလိုက်တဲ့လုပ်ရပ်က ပြည်သူတွေအပေါ် ထည့်မစဉ်းစားဘူးဆိုတာကို ဖော်ပြလိုက်တဲ့အပြင် ယီမင်ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ အသက်အိုးအိမ်တွေဟာ ဂျွန်ဆင်နဲ့ ၎င်းရဲ့ ရောင်းရင်းတွေ လက်ခုပ်ထဲကရေဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်လို့ ဆိုပါတယ်။

ချေပပြောဆို
လက်နက်ရောင်းချမှုကို အတည်ပြုလိုက်ကြောင်း အီးမေးလ်ပေးပို့ပြီးတဲ့ နောက်တစ်ရက်အကြာ ဩဂုတ် ၁၃ ရက်မှာ ဆာနားပြည်နယ်က ကျေးရွာ စာသင်ကျောင်းတစ်ကျောင်းလေကြောင်း တိုက်ခိုက်ခံလိုက်ရပြီး ကျောင်းသား ကလေးငယ် ၁၀ ဦး သေဆုံးခဲ့ပါတယ်။ ဒီလိုဖြစ်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ဆင်က ဆော်ဒီဦးဆောင်တဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ရာမရောက်ဘူးဆိုပြီး ၎င်းတာဝန်ဆောင်ရွက်ခဲ့စဉ်အတွင်း လက်နက်ရောင်းချခဲ့တာနဲ့ပတ်သက်ပြီး ချေပခဲ့ပါတယ်။

လက်နက်ဝယ်ယူမှု စံချိန်တင်
မစ္စတာ ဂျွန်ဆင်ဟာ အလားတူ လုပ်ရပ်မျိုးကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာလည်း တစ်ကြိမ်လုပ်ခဲ့ဖူးပြီ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဆာနားမှာ ဈာပနအခမ်းအနားတစ်ခုကို ဗုံးကြဲတိုက် ခိုက်ခံရပြီးနောက် ၁၂ ဦး သေဆုံးပြီး တစ်လအကြာမှာ ၎င်းက ဆော်ဒီအာရေဗျဆီ လက်နက်ရောင်းချခွင့် ပေးခဲ့တာပါ။ ဗုံးကြဲတိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားတဲ့ ၂၀၁၅ခုနှစ် မတ်လကစပြီး ဗြိတိန်ရဲ့ လက်နက်တွေကို ဆော်ဒီအာရေဗျဆီ ရောင်းချခွင့်ပြုခဲ့တာဟာ ယူရိုငွေ ၄ ဒသမ ၇ သန်းကျော်ဖိုးလောက် ရှိသွားပါပြီ။ အာရပ်ပင်လယ်ကွေ့နိုင်ငံဖြစ်တဲ့ ဆော်ဒီဟာလည်း ဆယ်စုနှစ်တွေအတွင်း ဗြိတိန်လုပ် လက်နက်တွေကို အများဆုံးဝယ်ယူတဲ့ နိုင်ငံအဖြစ် စံချိန်တင်နေပါတယ်။

တာဝန်ရှိ
လက်နက်တွေ တင်ပို့ရောင်းချမှုကိုအသုံးပြုပြီး နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဥပဒေကို ဆိုးဆိုးရွားရွား ချိုးဖောက်လာနိုင်တဲ့ အလားအလာတွေ သိသာထင်ရှားနေတယ်ဆိုတာ ဟုတ်မဟုတ် ဆွေးနွေးအကြံပြု ရမယ့်တာဝန်ဟာ လက်နက်တင်ပို့ရောင်း ချမှုဆိုင်ရာ မူဝါဒအဖွဲ့မှာ အပြည့်အဝ တာဝန်ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြ ခဲ့ကြပါတယ်။ လက်နက်တင်ပို့မှုဆိုင်ရာ မူဝါဒအဖွဲ့အာဏာပိုင်တွေကတော့ ဒီလိုဆိုးဆိုးရွားရွား ချိုးဖောက်မှုဖြစ်စေတာမျိုး စစ်ဆေးတွေ့ရှိခြင်းမရှိ ဘူးလို့ ဩဂုတ် ၁၀ ရက် ရက်စွဲနဲ့ ပေးပို့ခဲ့တဲ့ အီးမေးလ်တစ်စောင်မှာ ဖော်ပြပါတယ်။ ပြီးတော့ ဇူလိုင် ၂၇ ရက် ရက်စွဲနဲ့ အီးမေးလ်တစ်စောင်မှာ လက်နက်တင်ပို့မှုအဖွဲ့ဟာ ဆော်ဒီရဲ့ ကြိုတင်စီမံမှုနဲ့ ပြောင်းလဲနေတဲ့ ဦးတည်ချက်တွေအပေါ် ပိုမိုယုံကြည်မှုရှိလာတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

အထင်နဲ့အမြင်ကွဲလွဲ
လက်နက်တင်ပို့ရောင်းချမှု မူဝါဒ အဖွဲ့ရဲ့ အီးမေးလ်တွေကို အရင်ဆုံးလက်ခံ ရရှိခဲ့တဲ့ Sussex တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံမှုဆိုင်ရာ အကြီးတန်းနည်းပြ ဒေါက်တာ အန်နာစတက်ဗရီ ယာနာကစ်က မူဝါဒအဖွဲ့ရဲ့ မှတ်ချက်အပေါ်မှာ ဝေဖန်ရှုတ်ချခဲ့ကာ စားသောက် ကုန်စက်ရုံ တိုက်ခိုက်ခံရပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ဆော်ဒီရဲ့ ဖြစ်စဉ်တွေအပေါ် ပိုပြီးယုံကြည်လာတယ်လို့ ယူဆထားတာတွေဟာ လက်တွေ့မှာ အထင်နဲ့အမြင် တခြားစီဖြစ်နေတယ်လို့ ၎င်းက ပြောခဲ့ပါတယ်။

ယီမင်မှာအသုံးပြုဖို့အတွက် ဗြိတိန်ရဲ့ လက်နက်တွေကို ဆော်ဒီအာရေဗျဆီ တရားဝင်တင်ပို့ရောင်းချခွင့်ကို ကန့်ကွက်တဲ့ လက်နက်ရောင်းဝယ်မှု ဆန့်ကျင်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ လျှောက်လဲချက်ကို အယူခံရုံးက စီရင်ဆုံးဖြတ်ဖို့ လုပ်ဆောင် နေပါတယ်။ ၂၀၁၇ခုနှစ် ဇူလိုင်လတုန်း ကတော့ ဒီလိုရောင်းချမှုမျိုးဟာ တရားဝင်တယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်ချက်ချ ခဲ့ပါတယ်။

ယီမင်သမ္မတဟောင်း အလီအဗ္ဗဒူ လာဆာလေကို ကျောထောက်နောက်ခံပေးနေတဲ့ ဟူသီသူပုန်အဖွဲ့နဲ့ မဟာမိတ် သူပုန်အုပ်စုတွေကို ပစ်မှတ်ထားတိုက် ခိုက်နေတဲ့ ယီမင်ပြည်တွင်းစစ်အတွင်း ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ဗုံးကြဲတိုက်ခိုက်မှုတွေကို လူမဆန်စွာ ရက်ရက်စက်စက် လုပ်ဆောင်နေတယ်လို့ စွပ်စွဲခံရပေါင်း မနည်းလှပါဘူး။

၂၀၁၈ ခုနှစ် ဇူလိုင်လမှာ နိုင်ငံခြားရေး ဝန်ကြီးနေရာကို ရရှိခဲ့တဲ့ နောက်ထပ် ကွန်ဆာဗေးတစ် အဖွဲ့ဝင် ဂျရယ်မီဟန့်ကတော့ ဆော်ဒီအာရေဗျဆီ လက်နက်ရောင်းချမှုကို ရပ်တန့်လိုက်ရင် ဗြိတိန်အနေနဲ့ လွှမ်းမိုးနိုင်စွမ်းကိုလည်း လက်လွှတ်ဆုံးရှုံး လိုက်ရမှာပဲလို့ ၎င်းက လက်နက်ရောင်းချမှုကို ကာကွယ်ပြောဆိုခဲ့ပါတယ်။

မစ္စတာဂျွန်ဆင်ဟာ ဗြိတိန်ရဲ့ ကွန်ဆာဗေးတစ်ခေါင်းဆောင်အနေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်နေချိန် ဆော်ဒီဆီ လက်နက်ရောင်းချခွင့် ပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး ပြန်လည်နှိုးဆွတဲ့ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေချိန် မှတ်ချက်ပေးဖို့ ချဉ်းကပ်လာသူတွေကို ၎င်းက တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါဘူး။    ။
ကိုးကား - သည်ဂါးဒီးယန်း