ပဲခူး အောက်တိုဘာ ၂

     

ပဲခူးတိုင်းဒေသကြီးသည် ရေ၊မြေ အခြေခံ ကောင်းများပိုင်ဆိုင်ထားပြီး ဒေသအလိုက် နာမည်ကြီး သည့် ဒေသထွက်ကုန်များရှိကြောင်း၊ ဒေသထွက်ကုန်များတွင် လူသုံးကုန်၊ စားသုံးကုန်နှင့် အခြားစက်မှု၊ လက်မှု ထုတ်ကုန်များပါရှိကြောင်း၊ အဓိကအားဖြင့် စားသုံးကုန်များသည် ပြည်ပသို့ တင်ပို့နိုင်သည့် ထုပ်ပိုးမှုစနစ်များ လိုအပ်လျက်ရှိကြောင်း၊ အရသာကောင်းမွန်သော် လည်း ထုပ်ပိုးမှုစနစ်ခေတ်မီအောင် ပြောင်းလဲနိုင်မှသာ ကောင်းမွန်ပြီး ရေရှည်တည်တံ့သည့် ဈေးကွက် တစ်ခုကို ပိုင်ဆိုင်နိုင်မည် ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြား သည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်း MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင် ဟံသာ အစည်းအဝေးခန်းမ၌  ကျင်းပရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ထို့ပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ် က မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သောနည်းပညာများ၊ ထုပ်ပိုးသည့် စက်ပစ္စည်းများနှင့် အခြားချိတ်ဆက်ဆောင်ရွက်ပေးရမည့် ကဏ္ဍများအား စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပဲခူးမြို့တန်ဆောင်တိုင်မီးထွန်းပွဲကာလတွင် ဒေသထွက်ကုန် အရောင်းပြခန်းများ ထည့်သွင်းသွားမည်ဖြစ်၍ ခရိုင်အလိုက် ဒေသထွက်ကုန်များအား တစ်နေရာ တည်းဝယ်ယူနိုင်မည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ထုပ်ပိုးမှုစက်များ၊ ထုပ်ပိုးမှုစနစ်များကိုလည်း ပြသသွားမည်ဖြစ်၍ စားသုံးကုန်လုပ်ငန်းများအတွက် အလွန်အကျိုးရှိကြောင်း၊ မြို့နယ်အလိုက် မိမိတို့ဒေသအတွင်းရှိ MSME လုပ်ငန်းများကို ဖော်ထုတ်၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက် ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်းနှင့် ဒေသထွက်ကုန်များ အဆင့်မြင့် တိုးတက်လာခြင်းနှင့်အတူ ဈေးကွက်ချဲ့ထွင်လာနိုင်ပါက ယင်းဒေသအား ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင် စားကာ လာရောက်ကြမည်ဖြစ်၍ အခြားဝန်ဆောင်မှုကဏ္ဍများအတွက်လည်း အကျိုးရှိနိုင်မည်ဖြစ် ကြောင်း မှာကြားသည်။

         

ထို့နောက် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ထုတ်ကုန် အလိုက် ထုပ်ပိုးမှုစနစ် အဆင့်မြှင့်နိုင်ရေး လိုအပ်သောနည်းပညာဆိုင်ရာ ကိစ္စရပ်များအား အကြံပြုတင်ပြခဲ့ကြသည်။ ၎င်းနောက် တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များက မြို့နယ်အလိုက် MSME လုပ်ငန်းများ ဖော်ထုတ်ထားရှိမှုနှင့် ဒေသထွက်ကုန်အရောင်း ပြခန်းများ ပါဝင်ပြသွားမည့် အခြေအနေများကို တင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ် သည်များ မှာကြားခဲ့သည်။

(သတင်းစဉ်)