ဩဂုတ် ၁၁

 

လောကလူသားများသည် မိမိတို့ရည်မှန်းရာ ရည်ရွယ်ရာတစ်ခုဆီသို့ လှမ်းတက်ကြရာ၌ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုဟူသည့် ရလဒ်တစ်ခုခု ရရှိကြစမြဲပင်။ အောင်မြင်လျှင် ဝမ်းမြောက်ပီတိဖြစ်၊ ရှုံးနိမ့်လျှင် ဝမ်းနည်းပူဆွေးဖြစ်ကြသည်မှာ လောကဓမ္မတာသာဖြစ်သည်။ အဓိကမှာ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းထက် မိမိ၏ရည်မှန်းရာပန်းတိုင်ကို မျက်ခြည်အပြတ်မခံဘဲ မရောက်ရောက်အောင် လှမ်းတက်မည်ဆိုသည့် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ ထက်သန်ဖို့သာ လိုရင်းဖြစ်သည်။

 

ပြီးခဲ့သည့် မတ်လက ဖြေဆိုခဲ့ကြသော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအား သြဂုတ် ၉ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံစာစစ်ဦးဌာန အွန်လိုင်းစာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်ကို တွေ့ခဲ့ရသည်။ အခြေခံပညာအဆင့်တွင် နောက်ဆုံးအဆင့် အောင်မြင်မှုရလဒ် တစ်ခုသည် ဖြေဆိုခဲ့ကြသည့် ကျောင်းသား ကျောင်းသူများသာမက ၎င်းတို့၏မိသားစုများပါ ဝမ်းမြောက်ခြင်း သို့မဟုတ် ဝမ်းနည်းခြင်း အဖြေတစ်မျိုးမျိုးကို ရရှိခဲ့ကြလေသည်။ အောင်မြင်ကြသူများမှာ ရှေ့သို့တက်လှမ်းကြ၍ ရှုံးနိမ့်ကြသူများမှာ စိတ်မပျက်ဘဲ ဆက်၍ကြိုးစားနိုင်ကြစေရန် အားပေး၊ အားမွေး ကြရပေမည်။

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စာမေးပွဲဝင်ရောက် ဖြေဆိုသူကျောင်းသား ကျောင်းသူ ၉၁၀၂၂၉ ဦး ရှိခဲ့သည့်အနက် ၂၉၁၇၉၈ ဦး အောင်မြင်ခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ဝ၆ ရာခိုင်နှုန်း ရှိလေသည်။ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို အွန်လိုင်းမှ ထုတ်ပြန်နိုင်ခဲ့ရာ ဖြေဆိုခဲ့ကြသူများအတွက် အပန်းမကြီး အခက်အခဲမရှိဘဲ မိမိတို့၏ဘဝအတွက် အဖြေတစ်ခုကို သိခဲ့ကြလေသည်။ “ ဖြေဆိုခဲ့ပြီးသော တက္ကသိုလ်ဝင်စာမေးပွဲသည် အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ဝ၆ ရာခိုင်နှုန်းရှိသဖြင့် သုံးသိန်းနီးပါး စာမေးပွဲအောင်မြင်ကြပြီး စာမေးပွဲကျရှုံးသူကျောင်းသား ကျောင်းသူ ခြောက်သိန်းကျော်ရှိပေသည်။ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူ တစ်သန်းနီးပါးသည် စာမေးပွဲအောင်မြင်ခြင်း၊ မအောင်မြင်ခြင်းနှင့် ပတ်သက်၍ ၎င်း၏ဘဝအကြောင်း အမျိုးမျိုးအဖုံဖုံတို့အပေါ်တွင် မူတည်ပေသည်။ ယင်းကြောင့် စာမေးပွဲကို နှစ်ချင်းပေါက်အောင်မြင်သူ၊ ထူးချွန်သူများ ရှိသလို တစ်ကြိမ်ကျ၊ နှစ်ကြိမ်ကျနှင့် ဘဝအခြေအနေ မပေးတော့၍၊ စိတ်ပျက်လက်လျှော့ လမ်းကြောင်းပြောင်းလိုက်၍ ပညာရေးအဆုံးသတ် သွားကြသူများလည်း ရှိပေသည်။

 

မည်သို့ပင်ဖြစ်စေ မိမိတို့၏ဘဝ စာမေးပွဲအတွက် အောင်မြင်သည် ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ အဆုံးမသတ်သင့်ဘဲ ဆက်လက်ကြိုးပမ်း အားထုတ်ကြဖို့လိုပေသည်။ အဓိကမှာ စိတ်ဓာတ်ခွန်အား ကျမသွားဖို့လိုပေသည်။ ကျရှုံးခြင်းရှိလျှင် အောင်မြင်ခြင်းရှိမည်သာဖြစ်သည်။ အောင်မြင်သော သူများထက် ကျရှုံးသောသူများ၌ ကိုယ်စီအခက်အခဲများ ရှိကြမည်သာ ဖြစ်သည်။ မည်သို့သော အခက်အခဲရှိသည်ဖြစ်စေ ရည်မှန်းချက် ပျောက်ပျက်မသွားဖို့ အရေးကြီးသည်။ ရည်မှန်းချက် မပျောက်ပျက်ဘဲ မလျှော့သောဇွဲ၊ လုံ့လဖြင့် ဆက်လက်ကြိုးပမ်းအားထုတ်ပါက တစ်နေ့နေ့တွင် အောင်မြင်မှုကို ရရှိမည်မှာ မလွဲအမှန်ဖြစ်ပါသည်။ အဓိကမှာ မိမိတို့၏ဘဝအတွက်၊ မိမိတို့၏ပညာရေး အတွက် ရပ်တန့်မပစ်ဖို့ လိုရင်းဖြစ်သည်။

 

ဘဝတစ်ခုကို ဖြတ်သန်းသည့်အခါ အနိမ့်ဆုံး တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ထားသင့်သည်။ ပြီးမှအခြေအနေပေးလျှင် မိမိနှစ်သက်ရာ၊ မိမိ ရည်မှန်းရာ ဘာသာရပ်တစ်ခုခုကို ဆက်လက်ဆည်းပူး အားထုတ်သင့်ပါသည်။ အမှန်တကယ်တွင် ဘာသာရပ်၊ အဆင့်အတန်းတို့သည် သတ်မှတ်ချက်တစ်ခု သာဖြစ်ပြီး အဓိကမှာ မိမိကျင်လည်ဖြတ်သန်းမည့် ဘဝတစ်ခုတွင် မိမိရရှိထားသော ပညာအဆင့်အတန်းဖြင့် ထူးချွန်ပြောင်မြောက်ခြင်း၊ အတွေးအမြင် မှန်ကန်ကောင်းမွန်ခြင်း၊ တိုင်းပြည်နှင့်လူမျိုး၊ အများအကျိုးကို ထိထိရောက်ရောက် သယ်ပိုးနိုင်ခြင်းသည်သာ လိုရင်းဖြစ်သည်။ ထိုသို့စွမ်းဆောင် နိုင်ရန်အတွက် မိမိစိတ်ဆန္ဒ၊ လုံ့လ၊ ဝီရိယ၊ ကြိုးစားအားထုတ်မှုတို့သည် လိုရင်းဖြစ်၍ အားပျော့စိတ်လျှော့စရာအကြောင်း ရှိမည်မဟုတ်ပေ။

 

သို့ဖြစ်ရာ မိမိတို့၏ကျောင်းစာမေးပွဲဖြစ်စေ၊ ဘဝစာမေးပွဲတွင်ဖြစ်စေ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းတို့သည် အဓိကမဟုတ်ပေ။ မိမိတို့၏မလျှော့သော ဇွဲ၊ လုံ့လဖြင့် မိမိတို့ရည်မှန်းရာ ပန်းတိုင်သို့ မရောက်ရောက်အောင် မဖြစ်မနေ ကြိုးစားအားထုတ်မည်ဆိုသည့် ပြင်းပြသော စိတ်ဓာတ်ခွန်အားများ ရှိနေမည် ဆိုပါက မိမိတို့၏ဘဝတစ်လျှောက်တွင် အောင်မြင်မှုများ အကြိမ်ကြိမ် ရရှိမည်ဟု ယုံကြည်သင့်ပါကြောင်း။ ။

 

ကြေးမုံ