နေပြည်တော် နိုဝင်ဘာ ၁၁

 

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်၍ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီအစည်းအဝေး(၂/၂၀၂၂)ကို ယနေ့နံနက် ၁၀ နာရီတွင် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှု ထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးအတွက် ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင်  အရွယ် မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီကို စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှ CTFMR နှင့် Plan of Action လက်မှတ်မရေးထိုးမီ ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်အထိ အရွယ်မရောက်သေးသူ ကလေးသူငယ် (၅၉၇)ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့် ပေးခဲ့ပါကြောင်း၊ ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် တပ်မတော် (ကြည်း)ပါဝင်နေခြင်းအား စာရင်းမှပယ်ဖျက်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် Country Task Force on Monitoring and Reporting (CTFMR)တို့အကြား အရွယ်မရောက်သေးသူ  ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်း ရေးဆိုင်ရာ လုပ်ငန်းစီမံချက်(Plan of Action)ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါစီမံချက်အရ CTFMR နှင့်ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်း စုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် (၁၀၂၉)ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ မိဘ အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့နောက် CTFMR နှင့် အသက် မပြည့်ကြောင်း အတည်ပြုပြီးဖြစ်သည့် စစ်သည် (၂၈)ဦးကိုလည်း ၂၀၂၂ ခုနှစ် မေ ၁၃ ရက်တွင် မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးခဲ့ရာ ယခုအချိန်အထိ (၁၀၅၇)ဦး ရှိပြီဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ တပ်မတော်သို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက် လာသော လူငယ်များအား စိစစ်ခဲ့ရာ အသက်မပြည့်သံသယဖြစ်ဖွယ် လူငယ် (၄၅) ဦးနှင့် ဆန္ဒမပါသူ (၁၄၀)ဦး စုစုပေါင်း (၁၈၅)ဦးကို လက်ခံခြင်းမပြုဘဲ မိဘအုပ် ထိန်းသူများထံသို့ ပြန်လည်စေလွှတ်ခဲ့ပါကြောင်း၊ သံသယ စစ်သည် (၇၉) ဦးကို CTFMR နှင့် အမှုတွဲတိုက်ဆိုင် စစ်ဆေးရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်းနှင့် မှန်ကန်ပါက နုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် တို့တွင် CTFMR မှ ထပ်မံပေးပို့လာသည့် သံသယဖြစ်ဖွယ်စစ်သည် (၁၂)ဦးကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် တပ်မတော်အနေဖြင့် တပ်သားသစ် စုဆောင်းရေးကဏ္ဍတွင် အရွယ် မရောက်သေးသူ ကလေးသူငယ်များအား စစ်မှု ထမ်းဆောင်ခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ သဘောတူသတ်မှတ် ပြဋ္ဌာန်းချက်များ နှင့်အညီ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း စုဆောင်းလျက်ရှိပါကြောင်း၊ အသိပညာပေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီ အစည်းအဝေးများကို ပုံမှန်ကျင်းပလျက်ရှိပြီး ကော်မတီအနေဖြင့် တပ်မတော်အတွင်း ကလေးစစ်သား အသုံးပြုမှုမရှိစေရေး ကော်မတီ၏ရည်မှန်းချက်အတိုင်း ဆောင်ရွက်လျက်ရှိ သကဲ့သို့ ဆက်လက်အကောင်အထည်ဖော် သွားမည်ဖြစ်ပါကြောင်းနှင့် အစည်းအဝေးတွင် ဆွေးနွေး ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်း CTFMR သို့ အသိပေး အကြောင်းကြား လျက်ရှိပါကြောင်း ဆွေးနွေးခဲ့သည်။

 

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်များနှင့်  ကိုယ်စားလှယ်များက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး လုပ်ငန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှေ့လုပ်ငန်းစဉ်များအပေါ် အကြံပြုဆွေးနွေးခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးသည်။

 

အဆိုပါအစည်းအဝေးသို့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီဝင်များနှင့် သက်ဆိုင်ရာ ရုံး/ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)