နေပြည်တော် ဇူလိုင် ၃

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီ အစည်းအဝေး(၁/၂၀၂၄)ကို ယနေ့ နံနက်ပိုင်းတွင် နေပြညတော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကော်မတီဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ     ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် အရွယ်မရောက်သေးသူ ကလေး သူငယ်များအား စစ်မှုထမ်းခြင်းမှ ထိန်းသိမ်းရေးကော်မတီကို စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ကော်မတီ၏ အဓိက တာဝန်ဖြစ်သည့် တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေး သူငယ်များကို စစ်သည်အဖြစ် စုဆောင်းခြင်းနှင့် အသုံးပြုမှု မရှိစေရေး၊ တပ်မတော်သို့ တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသော သံသယဖြစ်ဖွယ် လူငယ်များကို လက်ခံမှုမရှိ စေရေးနှင့် အသက်မပြည့်ကြောင်း စိစစ်တွေ့ရှိသည့် စစ်သည်များကို မိဘအုပ်ထိန်းသူများ ထံသို့ ပြန်လည်လွှဲပြောင်းခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် တပ်မတော် (ကြည်း) ပါဝင်နေခြင်းကို စာရင်းမှ ပယ်ဖျက်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် Country Task Force on Monitoring and Reporting (CTFMR) တို့အကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစီမံချက် Plan of Action ကို ၂၀၁၂ ခုနှစ်၊ ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံချက်အရ CTFMR နှင့် ပူးပေါင်းပြီး အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့်စစ်သည် ၁၀၅၇ ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုကာ တပ်မတော်နှင့် UNCTFMR  ပူးပေါင်း အဖွဲ့ဖြင့် မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း။

၂၀၂၃ ခုနှစ်အတွင်း CTFMR မှ ပေးပို့ထားသည့် အသက်မပြည့် သံသယရှိသူ စစ်သည် ၉ ဦး အပါအဝင် ယခင်စာရင်းမှ ပယ်ဖျက်ပေးရန်ကျန် စုစုပေါင်း ၁၂၀ ကို CTFMR သို့ ဆက်သွယ်၍ အမှုတွဲတိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက နုတ်ထွက်ခွင့်ပြုနိုင်ရေးဆောင်ရွက် ရန်နှင့် မှန်ကန်မှုမရှိပါက စာရင်းမှပယ်ဖျက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ တွင် တပ်မတော်အနေဖြင့် တပ်သားသစ် စုဆောင်းရေးကဏ္ဍတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီနှင့် CTFMR တို့ သဘောတူ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း အလေးထား လိုက်နာစုဆောင်းလျက်ရှိပါကြောင်း၊ အသိပညာပေး လုပ်ငန်း များကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီအစည်းအဝေးများကို ပုံမှန်ကျင်းပလျက်ရှိပြီး ကော်မတီ၏ ရည်မှန်းချက်အတိုင်း တပ်မတော်အတွင်း ကလေးစစ်သား အသုံးပြုမှုမရှိစေရေး အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါကြောင်းနှင့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို CTFMR သို့ အသိပေး အကြောင်းကြားလျက်ရှိပါကြောင်း။

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီမှ CTFMR နှင့် ယခင်အတိုင်း‌ ဆွေးနွေးမှုများကို စဉ်ဆက် မပြတ် ပူးပေါင်းဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် CTFMR နှင့် တွေ့ဆုံခဲ့ပြီး နှစ်ဖက်သဘောတူညီချက်အရ နည်းပညာပူးတွဲဥက္ကဋ္ဌ  (Technical Co-Chairs) အဖွဲ့နှင့် အဖွဲ့ငယ်အဆင့် တွေ့ဆုံဆွေးနွေးခြင်း (Small Team Meeting)ဖြင့် နှစ်ဖက်တိုက်ဆိုင် စာရင်းရှင်းလင်း စစ်ဆေးအတည်ပြုရန်  ဆွေးနွေးခဲ့ပါ ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အကောင်အထည်ဖော် ကျင့်သုံးလျက်ရှိရာ ဥပဒေအရ ပြည် သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် အသက် ၁၈ နှစ် မပြည့်သူများ မပါရှိစေရေး ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ အသီးသီးမှ စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုနှစ် ထုတ်ပြန်သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ၂၀၂၃ ခုနှစ်အတွက် ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာတွင် တပ်မတော်နှင့် ဆက်စပ်နေသည့် အဖွဲ့များနှင့် ပြည်သူ့စစ်တို့က ကလေးသူငယ် ၁၁၀၂ ဦးကို စုဆောင်းခဲ့ပြီး ကြီးလေးသော ကျူးလွန်မှု ၆ ရပ်တို့ကို တပ်မတော်က ကျူးလွန်ကြောင်း စွပ်စွဲဖော်ပြ ထားသည်ကို တွေ့ရှိရပါကြောင်း ၊ ၂၀၂၃ ခုနှစ်အတွင်း CTFMR က စုံစမ်းသည့် အသက် မပြည့်သူဟု သံသယရှိသူ စုစုပေါင်း ၉ ဦးသာရှိကြောင်း အကြောင်းကြားခဲ့သော်လည်း ယခုနှစ် အစီရင်ခံစာတွင် အသက်မပြည့်သေးသူ ၁၁၀၂ ဦးကို စစ်မှုထမ်းစေခဲ့သည်ဟု ချဲ့ကားဖော်ပြ ထားသည်ကို တွေ့ရှိရသဖြင့် အဆိုပါအစီရင်ခံစာကို ကန့်ကွက်ပါကြောင်းနှင့် တုံ့ပြန်သည့် အချက်အလက်များကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များ နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာအထူးကိုယ်စားလှယ်ရုံး (Office of the Special Representative of the Secretary-General for Children and Armed Conflict-UNSRSG)သို့ ပေးပို့ခဲ့ပြီးဖြစ်သည့်အပြင် နိုင်ငံပိုင်၊ ရုပ်မြင်သံကြား၊ သတင်းစာများတွင် တရားဝင်သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ကိုယ် စားလှယ်များက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရေးလုပ်ငန်းနှင့်ပတ်သက်၍ ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့ များမှ  လုပ်ငန်းတာဝန်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊  ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များပေါ် ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို ရှင်းလင်းတင်ပြခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် သက်ဆိုင်ရာ ကဏ္ဍ အလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေများကို အကြံပြု ဆွေးနွေးကြပြီး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေး နွေးသည်။

ယင်းနောက် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်