နေပြည်တော် ၄ ဇူလိုင်
ကရင်ပြည်နယ်၊ မြဝတီမြို့အမှတ် (၄)ရပ်ကွက်နေ မ×××၊ ၁၄ နှစ် အားဖခင်ဘက်မှ တော်စပ်သည့်အဖွားဒေါ်ချို(ခ)ဒေါ်မိချို၊ အဒေါ်များဖြစ်ကြသည့် မခိုင်ချိုအောင် (ဖခင်၏ အစ်မ)နှင့် မခိုင်ရွှေဝါ(ဖခင်၏ ညီမ)တို့က တရုတ်နိုင်ငံရှိ အထည်ချုပ်စက်ရုံတွင် တစ်လယွမ် (၁၅၀ဝ)ဖြင့် အလုပ်လုပ်ရမည်ဟု ၂၀၁၈ ခုနှစ် ဧပြီ- ၁၀ ရက်တွင် စည်းရုံးခေါ်ဆောင်သွားခဲ့ပြီး တရုတ်အမျိုးသား တစ်ဦးထံရောင်းစားခဲ့သည်။
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်(မြဝတီ)နှင့် တပ်ဖွဲ့စု (မူဆယ်)တို့ ပူးပေါင်း၍ တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာနယ်စပ်ဆက်ဆံရေးရုံးနှင့် ချိတ်ဆက်ပြီး မ××× အား ၂၀၁၉ ခုနှစ် ဇွန် ၂၈ ရက်တွင် နေရပ်သို့ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်း၊ ၎င်းအား မေးမြန်းခဲ့ရာ အဖွားနှင့် အဒေါ်တို့က တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်ရှိ တရုတ်အမျိုးသားတစ်ဦး ထံရောင်းစားခဲ့ကြောင်း၊ တရုတ်အမျိုးသားနှင့် မပေါင်းသင်းလိုကြောင်း ငြင်းဆန်ရာမခိုင်ချိုအောင် နှင့် တရုတ်နိုင်ငံတွင် နေထိုင်သောမခိုင်ရွှေဝါ တို့ကလမ်းစရိတ် သိန်း (၂၀)လျော်ရန်နှင့် မလျော်နိုင်လျှင်ဖြစ်စေ၊ တရုတ်အမျိုးသားနှင့် မပေါင်းလျှင်ဖြစ်စေမောင်ဖြစ်သူကို မိဘမဲ့ဂေဟာသို့ ပို့မည်ဟုခြိမ်းခြောက်သဖြင့် (၇)လခန့် ပေါင်းသင်းခဲ့ရကြောင်း၊ ကလေးမရသည့် အတွက် တရုတ်အမျိုးသားကဆေးများသောက်ခိုင်းကြောင်း၊ ထို့နောက် ဆေးရုံပို့၍ စစ်ဆေးခံခဲ့ရကြောင်း၊ ကလေးမရနိုင်သဖြင့် ဆိတ်ကျောင်းခိုင်းခြင်း၊ ဝက်စာကျွေးခိုင်းခြင်း၊ မြေပဲနုတ်ခိုင်းခြင်း၊ ပြောင်းဖူးချိုးခိုင်းခြင်း အလုပ်များကို ခိုင်းစေသဖြင့် ပင်ပန်းစွာလုပ်ကိုင်ခဲ့ရကြောင်း၊ အစာရေစာလည်း ဝလင်စွာကျွေးမွေးခြင်းမရှိကြောင်း။
ထို့နောက် မခိုင်ရွှေဝါက လာရောက်ခေါ်ဆောင်ပြီးအခြား တရုတ်အမျိုးသားတစ်ဦးထံ ထပ်မံရောင်းစားကြောင်း၊ အဆိုပါ တရုတ်အမျိုးသားနှင့်ပေါင်းသင်းနေရစဉ် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ဆက်သွယ်မှုရရှိခဲ့ကြောင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ အစီအစဉ်ဖြင့် တရုတ်ရဲစခန်းသို့ ရောက်ရှိခဲ့ပြီးနောက် အဆင့်ဆင့်လွှဲပြောင်းပေးသဖြင့် နေရပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းသိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ လူကုန်ကူးခံရသူအား လူမှုဝန်ထမ်းဦးစီးဌာနမှ စောင့်ရှောက် ထားပြီးတရားခံများကို ထိရောက်သောပြစ်ဒဏ်ရရှိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)