နေပြည်တော် ၁၂ ဧပြီ

အသွားအလာ ကန့်သတ်ခြင်းကို ၁၄ ရက် မှ ၂၁ ရက်အထိ တိုးမြှင့်သွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် အသိပေးထားသည်။

 

လက်ရှိစစ်ဆေးချက်များအရ နှစ်ပတ်အကျော်အထိ ရောဂါလက္ခဏာမပြတာတွေကြုံတွေ့ရပြီး  ၃ ပတ် အကျော်မှသာ ရောဂါပိုးတွေ့ရှိရသည်များကိုလည်း တွေ့ရကြောင်း ကျန်းမာရေးဝန်ထမ်း တစ်ဦးကလည်း အသိပေးထားသည်။

 

 “Quarantine ၁၄ ရက်လွန်မှ ရောဂါလက္ခဏာပြသူတွေ တွေ့ရလို့ စိတ်ချရအောင် Quarantine ကို ၂၁ ရက်အထိ တိုးရပါမယ်။ အိမ် Quarantine မှာနေတဲ့သူတွေလည်း မပေါ့ဆကြဖို့ သတိပေးလိုက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် သတိပေးထားသည်။

 

ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာကြရန်လည်း တိုက်တွန်းထားသည်။ ထိုင်းနယ်စပ်တွင် မြန်မာပြည်ထဲသို့ ပြန်ဝင်ဖို့စောင့်နေကြသည့် ပြည်သူများ အနေဖြင့်လည်း ထိုင်းနိုင်ငံ၏ အရေးပေါ်ကြေညာချက်နှင့် ကိုက်ညီစေရန် ဧပြီ ၃၀ ရက်နေ့အထိ စောင့်ဆိုင်းပေး ကြရန်လည်း မေတ္တာရပ်ခံထားသည်။

 

 “ကျွန်မတို့အစိုးရကတော့ ပြည်သူတစ်ယောက်ချင်းကို တန်ဖိုးထားပြီး အကောင်းဆုံး စောင့်ရှောက်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ တည်တည်ငြိမ်ငြိမ်၊ စည်းကမ်းလိုက်နာခြင်းနဲ့ ပြည်သူအားလုံး ကျွန်မတို့ကို ကူညီပေးကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောထားသည်။

 

မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ လေယာဉ်များ ဆိုက်ရောက်တားမြစ်ခြင်းကိုလည်း ဧပြီ ၃၀ ရက်နေ့အထိ တိုးလိုက်ကြောင်း သိရသည်။

ဖြိုးအိ