၂၄ မတ်
ကမ္ဘာပေါ်တွင် COVID-19 ရောဂါ အတည်ပြုလူနာ မတွေ့ရသေးသော နိုင်ငံဟူ၍ လက်ချိုးရေတွက်၍ရနိုင်သည့် အခြေအနေသို့ ရောက်သွားပြီဖြစ်ပြီး မြန်မာနိုင်ငံသည်လည်း CovID-19 ရောဂါ အတည်ပြုလူနာများ စတင်တွေ့ရှိလာရပြီ ဖြစ်သည်။ ရောဂါကူးစက် ပြန့်ပွားနေသည့် နိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများစွာတို့ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းနှင့်အတူ နိုင်ငံတွင်း ရောဂါဝင်ရောက်ဖြစ်ပွားနိုင်ခြေ လွန်စွာမြင့်မားမှုအပေါ် ပြည်သူလူထုအတွင်း၌လည်း စိုးရိမ်စိတ်တို့ကြီးထွား လာလျက်ရှိနေသည်။ ။
အထူးသဖြင့် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ထောင်ပေါင်းများစွာ ပြန်လည်ဝင်ရောက်လာခဲ့ရာ ၎င်းတို့နှင့်အတူ ရောဂါပိုးပါဝင်လာပြီး ကူးစက်ပြန့်ပွားနိုင်သည့်အတွက် ၎င်းတို့အား အသွားအလာ ကန့်သတ်ခြင်းကို မဖြစ်မနေ ပြုလုပ်ရမှာဖြစ်သည်။ သို့ရာတွင် လူဦးရေအများအပြား ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည့် အတွက် သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်ခြင်း (Facility Quarantine) ကို ဆောင်ရွက်ရန် မဖြစ်နိုင်ဘဲ ၎င်းတို့၏ နေအိမ်များတွင်သာ အသွားအလာကန့်သတ်ခြင်း(Home Quarantine) ကို ပြုလုပ်သွားမည်ဖြစ်သည်။ ယင်းသို့ အသွားအလာ ကန့်သတ်ခြင်း သို့မဟုတ် တားမြစ်ပိတ်ပင်ခြင်းတို့မှာ ကပ်ရောဂါများ ဖြစ်ပွားလာပါက ရောဂါပြန့်ပွားမှု မရှိစေရေးနှင့် ထိန်းချုပ်နိုင် ရေးတို့အတွက် လိုအပ်သလိုဆောင်ရွက်ရခြင်းပင်ဖြစ်ပြီး အားလုံးက လိုက်နာဆောင်ရွက်ကြရမှာလည်း ဖြစ်သည်။
နေအိမ်တွင် အသွားအလာကန့်သတ်သည့် ၁၄ ရက်တာ ကာလသည် နေ့ရက်တိုင်းမှာ အရေးကြီးသည့် ကာလဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ယူနီဆက်ဖ် စသည်တို့မှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ သတိပေးချက်၊ လိုက်နာရမည့်အချက်အလက်များကို တိတိကျကျ လိုက်နာသွားကြရန် လိုသည်။ ကူးစက်ရောဂါဖြစ်ပွားနေသောဒေသမှ ပြန်လာသူသည် မိသားစုနှင့် ရောနှောမနေဘဲ သတ်မှတ်စောင့်ကြည့် ၁၄ ရက်တာကာလအတွင်း သီးခြားနေထိုင်စားသောက်ပြီး ပါးစပ်နှင့် နှာခေါင်းစည်းကိုလည်း အချိန်ပြည့် တပ်ဆင်ထားရမည်ဖြစ် သည်။ လက်ကို မကြာခဏ သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပြီး မိမိ၏အသုံးအဆောင်၊ ပန်းကန်ခွက်ယောက်များကို သီးခြားထားရှိပြီး သန့်ရှင်းစွာ ထားရမည်ဖြစ်သည်။ စောင့်ကြည့်ကာလ ၁၄ ရက်အတွင်း လူစုလူဝေးရှိသောနေရာကို ရှောင်ကြဉ်ခြင်း၊ နှာချေ ချောင်းဆိုးပါက တစ်ရှူးကို အသုံးပြုပြီး စနစ်တကျစွန့်ပစ်ခြင်း၊ လက်ပြန်ဆေးခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။ အထက်ပါအချက် အလက်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ခြင်းအားဖြင့် မိမိတွင် ဗိုင်းရပ်စ်ပိုး ပါရှိလာပါကလည်း မိမိ၏မိသားစုဝင်များ၊ ဆွေမျိုးမိတ်ဆွေများနှင့် အခြားသူများထံ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်တားဆီးနိုင်မည် ဖြစ်သည်။
COVID-19 ဖြစ်ပွားရာနိုင်ငံမှ ပြန်လာသူများသည် သက်ဆိုင်ရာ အုပ်ချုပ်ရေး သို့မဟုတ် ကျန်းမာရေးဌာနသို့ မဖြစ်မနေသတင်းပို့ ခြင်း၊ မိမိတွင် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း လက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနတွင် ကုသမှုခံယူခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများကလည်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြီးကြပ်ဆောင်ရွက် ကြရမည် ဖြစ်သည်။ စောင့်ကြပ်ကြည့်ရှုရန် သတ်မှတ်ထားသူ၏ အတူနေ မိသားစုဝင်များသည်လည်း စောင့်ကြည့်ကာလ ၁၄ ရက်အတွင်း ထိုသူကို သီးသန့်ခွဲခြားထားရှိခြင်း ပူးပူးကပ်ကပ် ရောနှောမနေခြင်း၊ အတူတူမစားခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်းနှင့် စောင့်ကြည့်ရန် သတ်မှတ်ထားသူတွင် ရောဂါလက္ခဏာတွေ့ရှိပါက ကျန်းမာရေးဌာနသို့ အကြောင်းကြားခြင်း၊ ၎င်း၏ကျန်းမာ ရေးအခြေအနေကို ကျန်းမာရေးဌာနသို့ ပုံမှန်သတင်းပို့ခြင်းတို့ ဆောင်ရွက်ကြရမည်ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် COVID-19 ရောဂါသည် ပြည်တွင်းတွင်မရှိဘဲ ပြည်ပမှ ဝင်ရောက်လာနိုင်ခြင်းကသာ အဓိကဖြစ်ခြင်းကြောင့် လေဆိပ်၊ ရေဆိပ်များနှင့် နယ်စပ်ဝင်ပေါက်များမှ အဝင်အထွက်များကို ကန့်သတ်ခြင်း၊ တားဆီးခြင်း၊ မြို့တစ်မြို့လုံး ကို အသွားအလာမရှိ ပိတ်ပင်ခြင်း၊ တစ်မြို့မှ တစ်မြို့သို့ ကူးသန်းသွားလာခြင်းများကို ပိတ်ပင်ခြင်း စသည်ဖြင့် နိုင်ငံအသီးသီးတို့က ပြုလုပ်ဆောင်ရွက်နေကြသည်။ ယင်းသို့ တားဆီးပိတ်ဆို့ခြင်းသည် COMID-19 ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးတွင် အရေးပါဆုံးသော အချက်လည်း ဖြစ်သည်။ နေအိမ်၌ အသွားအလာကန့်သတ်ခြင်းတွင် ကန့်သတ်စောင့်ကြည့်ရန် သတ်မှတ်ထားသူနှင့် မိသားစုဝင်များက သတိပေးအချက်အလက်များကို တိကျစွာလိုက်နာခြင်း ဖြင့် COVID-19 ကူးစက်ပြန့်ပွားခြင်းကို ကာကွယ်ထိန်းချုပ်နိုင်မည် ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း