၇ ဇွန်

 

ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာမှာ အသွားအလာကန့်သတ်ပိတ်ဆို့မှုကို ဇွန် ၁ ရက်နေ့ကစပြီး ဖွင့်လှစ်ပေးလိုက်ပါတယ်။ လူဦးရေ ၁၂ သန်းလောက် နေထိုင်အလုပ်လုပ်ကိုင်နေတဲ့ မနီလာမြို့ကို ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရန်အတွက် ၃ လနီးပါး တင်းတင်းကျပ်ကျပ် အသွားအလာပိတ်ဆို့ထားရာမှ ပုံစံအသစ်နဲ့ ပြန်လည်လည်ပတ်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။

 

စီးပွားရေးလုပ်ငန်းအများစုကို ပြန်လည်လည်ပတ်ခွင့်ပေးခဲ့ပေမယ့် ကျောင်းတွေကို ဆက်လက်ပိတ်ထားသလို စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်စားခွင့် ဆက်လက်ပိတ်ပင်ထားတာကို တွေ့ရပါတယ်။ မနီလာမြို့မှာ ပြေးဆွဲနေတဲ့ အများသုံးယာဉ်တွေဟာ ပုံမှန်ဆိုရင် လူအပြည့်အကျပ်ရှိပေမယ့် အခုတော့ ထိုင်ခုံတွေကို ပလတ်စတစ်နဲ့ ပိတ်ထားသလို ယာဉ်ကြမ်းပြင်ပေါ်မှာလည်း တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရန် အမှတ်အသားတွေနဲ့ မှတ်ထားတာမျိုးလုပ်ပြီး ခရီးသည်တွေကို ခပ်ခွာခွာနေရန် လုပ်ဆောင်တာမျိုးကို တွေ့ရပါတယ်။ ဒါပေမယ့် အလုပ်သွားအလုပ်ပြန်  စက်ဘီးကို အသုံးပြုတာလည်း ပိုများပြားလာတာကိုလည်း တွေ့ရပါတယ်။

 

မနီလာမြို့မှာနေထိုင်တဲ့ သန်းချီတဲ့ လုပ်သားတွေကနေ နိုင်ငံ့စီးပွားရေးရဲ့ သုံးပုံတစ်ပုံကျော် ထောက်ပံ့နေရာ ဗိုင်းရပ်စ်ပိုးထိန်းချုပ်ရန်အတွက် တင်းကျပ်တဲ့ စည်းမျဉ်းတွေကြောင့် နိုင်ငံ့စီးပွားရေးကို အထိနာစေခဲ့ပါတယ်။ ပထမသုံးလရဲ့ ဖိလစ်ပိုင်စီးပွားရေးမှာ သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းရာ အဲဒီပမာဏာဟာ အနှစ် ၂၀ ကျော်တွင်းမှာ အဆိုးဆုံး စီးပွားရေးကျဆင်းမှုဖြစ်တာကို တွေ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၂၁,၃၄၀ ဦးနဲ့ သေဆုံးသူ ၉၉၄ ဦးရှိကြောင်း ဇွန် ၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုးကား - AFP