အသားကဏ္ဍ ဖွံ့ဖြိုးလာစေရေး ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပြည်ပတင်ပို့မှု တိုးတက်ရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇွန် ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိက မွေးမြူရေးခြံများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့်အဖွဲ့သည် ငါးဆူတောင် ပုဂ္ဂလိက ဝက်မွေးမြူရေးခြံ၏ စပ်မျိုး ဝက်သားဖောက်ခြင်း၊  မျိုးဖြန့်ခြင်းလုပ်ငန်းများနှင့် ဝက်ချေးမှ Bio Gas ထုတ်လုပ်ပြီး လျှပ်စစ်ဓာတ်အား သုံးစွဲဆောင်ရွက်နေမှု အခြေအနေနှင့် ထောက်ကြံ့ရှိ ကောင်းထက်အဆင့်မြင့် မွေးမြူရေးအစာနှင့် ကုန်ကြမ်း၊ မွေးမြူရေးတိရစ္ဆာန် အစာစပ်စက်ရုံ၊ ဥစားကြက်ပေါက်၊ အသားစားကြက်ပေါက်များ ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ကြည့်ရှုအားပေး ကြရာ မွေးမြူရေးလုပ်ငန်းရှင် ဦးသန်းထိုက်နှင့် တာဝန်ရှိသူများက  ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက မိသားစုတစ်ပိုင်တစ်နိုင် မွေးမြူခြင်းမှ  စီးပွားဖြစ်မွေးမြူ ထုတ်လုပ်သော လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေးအတွက်ဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင် များက လက်တွဲကူညီအားပေးရန်လိုအပ်ချက်များ၊ မွေးမြူထုတ်လုပ်ရောင်းချမှုဆိုင်ရာ တန်ဖိုး ကွင်းဆက်တစ်လျှောက် ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ရေး အတွက်အလေးထား ဆောင်ရွက်ကြ ရန် လိုအပ်ချက်များ၊ ဇီဝလုံခြုံရေးဆိုင်ရာများနှင့် အာဟာရပြည့်ဝသည့် အသားငါးစားနပ်ရိက္ခာ များထုတ်လုပ်နိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် တိရစ္ဆာန်အစာကို သင့်တင့်သော စျေးနှုန်းဖြင့် ဖြန့်ဖြူးပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက် Myanmar Seafood Liited Co.,Ltd ၏ အအေးခန်းစက်ရုံ နှင့် Ocean Pacific Co.,Ltd ၏ အအေးခန်းစက်ရုံများ၏  ငါးပုဇွန် ပြုပြင် ထုတ်လုပ်၍ ပြည်တွင်း ပြည်ပသို့ ဈေးကွက်များသို့ တင်ပို့ရောင်းချနေမှု အခြေအနေ၊ အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၏ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် အကောင်အထထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို သွာရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက HACCP စနစ်နှင့် ညီညွတ်သည့် ထုတ်ကုန်အရည် အသွေးဖြစ်စေရေး၊ အစားအစာဘေးကင်းလုံခြုံမှုအပေါ် ယုံကြည်မှုရှိစေရန် ရေထွက်ပစ္စည်း ထုတ်လုပ်မှုများကို နိုင်ငံတကာ၏ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ထုတ်လုပ် ရန်လို အပ်ချက်များ၊ ဘက်စုံသီးနှံကာကွယ်ရေးစနစ်ကို အခြေခံဆောင်ရွက်၍ အပြည်ပြည် ဆိုင်ရာ သီးနှံကာကွယ်ရေး စံချိန်စံညွှန်းများနှင့်အညီ စိုက်ပျိုးရေးထွက်ကုန်များကို တင်ပို့ တင်သွင်းနိုင် ရေးအတွက် သက်ဆိုင်ရာလုပ်ငန်းများအလိုက် စိစစ်ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ပိုးသတ်ဆေးတင်သွင်းထုပ်ပိုး ဖြန့်ဖြူးခြင်းလုပ်ငန်းများအပေါ် တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြပ်မတ်ထိန်းသိမ်းရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အစားအစာ ဘေးကင်းလုံခြုံပြီး အဟာရပြည့်ဝသော အသားထုတ်လုပ်မှု တိုးမြှင့်ရေး၊ ပြည်တွင်းအသားစားသုံးမှု ဖူလုံရေးနှင့် ပြည်ပတင်ပို့မှု တိုးတက်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ မွေးမြူရေး တောင်သူများ၏ နည်းပညာအပါအဝင်လိုအပ်ချက်များ ဖြည့်ဆည်းကူညီပေးနိုင်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်