နေပြည်တော် ၂၈ အောက်တိုဘာ
အသားထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးရေးနှင့် အမျိုးသားအဆင့် အာဟာရဆိုင်ရာ လုပ်ငန်းစီမံချက်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး ပြည်နယ်ဦးစီးဌာနမှူးများ ၊ တာဝန်ရှိသူများက Zoom Application အသုံးပြု၍ သက်ဆိုင်ရာဒေသများမှ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ အရည်အသွေးမြင့်မားစွာ ထုတ်လုပ်နိုင်မှသာ အရင်းအမြစ်များကို မထိခိုက်စေဘဲ ပြည်တွင်းစားသုံးမှု ဖူလုံပြီး ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်စေရန် ဈေးကွက်နှင့်ကိုက်ညီသည့် ထုတ်ကုန်များကို စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ “တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ” ကို ၂၀၂၀ ပြည့်နှစ်၊ သြဂုတ် (၂၆) ရက်က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၃)ဖြင့် အတည်ပြုထုတ်ပြန် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ မိမိတို့အားလုံး ဥပဒေပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ကြိုးပမ်းသွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် အစည်းအဝေး တက်ရောက်လာကြသူများက အသားထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးရေးနှင့် အမျိုးသားအဆင့် အာဟာရဆိုင်ရာ လုပ်ငန်းစီမံချက်ချမှတ် အကောင်အထည်ဖော်ဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရေးဆွဲချမှတ်ဖော်ဆောင်လျက်ရှိသည့် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ( ADS )နှင့်အညီ မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်တွင်းစားသုံးမှုဖူလုံစေရန်၊ နိုင်ငံတွင်းအရင်းအမြစ်များကို မထိခိုက်စေဘဲ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပြည်ပသို့ တရားဝင်တင် ပို့နိုင်ရန်နှင့် မွေးမြူရေး လုပ်ငန်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဥပဒေအရ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး တိုးတက်စေရေး ကြိုးပမ်းရာတွင် သားငါးကဏ္ဍက ၂ ဒဿမ ၉ ရာခိုင်နှုန်း တိုးတက်အောင်ပံ့ပိုးပေးရန် ရည်မှန်းချက်နှင့်အညီ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံ၏တိုးတက်လာသည့် လူဦးရေအတွက် အသား၊ နို့၊ ဥ စသော အသားဓာတ်များ ဖူလုံစွာထုတ်လုပ်ပေးနိုင်ရန် မြန်မာ့မွေးမြူရေးကဏ္ဍအနေဖြင့် စွမ်းအားရှိနေသော်လည်း တစ်ပိုင်တစ်နိုင် မွေးမြူရေးစနစ်ကိုသာ ကျင့်သုံးနေလျက်ရှိရာ စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများအဖြစ် တိုးချဲ့မွေးမြူလာစေရန်၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် GAHP ကျင့်သုံးစေခြင်း၊ သုတေသနအခြေခံသော နည်းပညာများ ဖြန့်ဖြူးခြင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က ဘက်ပေါင်းစုံမှ ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


