အသစ်ခန့်အပ်လိုက်သော ဝန်ကြီးနှစ်ဦးကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ရန် ဝန်ကြီးချုပ် ဦးဝင်းသိန်း တောင်းဆို

ပဲခူး ၂၅ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်နေသည့် ဝန်ကြီးနှစ်နေရာအတွက် ပဲခူးတိုင်းလွှတ်တော်မှ ယနေ့တွင် အတည်ပြု ခန့်အပ်လိုက်သော လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးအား ဝန်ကြီး တစ်ဦးချင်းစီ၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပေးရန် ဝန်ကြီးချုပ် ဦးဝင်းသိန်းက တောင်းဆိုလိုက်သည်။

 

ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ် အစည်းအဝေး (၁/၂၀၁၈) (ပထမနေ့) မှာ လစ်လပ်နေသော ဝန်ကြီးနှစ်နေရာအတွက် ပဲခူးတိုင်းဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းပြီး တိုင်းဒေသကြီးလွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

 

''ဝန်ကြီးနှစ်နေရာအတွက် ကျွန်တော် တင်သွင်းခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကို လွှတ်တော်က ထောက်ခံပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ ဝန်ကြီးတာဝန်ကို ထမ်းဆောင်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးရဲ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပေးဖို့ကိုလဲ တောင်းဆိုပါတယ်'' လို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့သည်။

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းအစိုးရအဖွဲ့တွင် လစ်လပ်နေသော သစ်တောသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး နေရာအတွက် ပဲခူးခရိုင် သနပ်ပင်မြို့နယ် မဲဆန္ဒနယ်(၁)မှ ဒေါက်တာစောညိုဝင်းကို အဆိုပြုခဲ့ပြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး နေရာအတွက် သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် မဲဆန္ဒနယ်(၁)မှ ဒေါ်ညွန့်ညွန့်ဌေးကို အဆိုပြုတင်သွင်းခဲ့သည်။

 

လွှတ်တော် အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး လစ်လပ်နေသော ဝန်ကြီးနှစ်နေရာအတွက် ဝန်ကြီးချုပ်ဦးဝင်းသိန်း အဆိုပြုသော ကိုယ်စားလှယ်နှစ်ဦးကို တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးကော်မတီဥက္ကဋ္ဌ ပန်တောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်နှင့် ငွေစာရင်းကော်မတီဥက္ကဋ္ဌ ကြို့ပင်ကောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး လွှတ်တော်၏ အရေးပေါ်အစည်းဝေးသို့ တက်ရောက်ခွင့်ရှိသော လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦးမှ ၆၉ ဦးတက်ရောက်ကာ အတည်ပြုခဲ့ကြောင်းသိရသည်။

 

နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၄/၂၀၁၈ အရ ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သစ်တော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးဝန်ကြီး ဦးကျော်မင်းစံနှင့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်တို့ကို ဝန်ကြီးတာဝန်မှ နုတ်ထွက်ခွင့်ပြုခဲ့သောကြောင့် လစ်လပ်ခဲ့နေသော ဝန်ကြီးနေရာအတွက် ထပ်မံရွေးချယ် အတည်ပြုရခြင်းဖြစ်သည်။

 

နေထက် (ပဲခူး)