တောင်ကြီး ၂၂ နိုဝင်ဘာ

 

“ASEANCARE” အစီအစဉ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်တောင်ကြီး၊ ကလော၊ ရွာငံ၊ ရပ်စောက်၊ မိုင်းပွန်စသည့်မြို့နယ်များမှ ရပ်ကွက်များနှင့်ကျေးရွာများရှိ အခြေခံလူတန်းစားများအား ထောက်ပံ့ဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း) ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးအသင်း အတွင်းရေးမှူးဒေါ်ရီသိန်းဦးဆောင်သော အဖွဲ့သည်နိုဝင်ဘာလ (၂၂)ရက်၊ နံနက် (၉)နာရီအချိန်က တောင်ကြီးမြို့၊ ချမ်းမြသာစည်နှင့်ရွှေတောင်ရပ်ကွက်များရှိ အခြေခံလူတန်းစားများအား ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်အပြင် COVID-19 ရောဂါကာကွယ်ရေးအတွက် ဆေး၊ လက်ဆေးဆပ်ပြာရည်၊ လက်သန့်ဆေးရည်များကို (၂)ရက်ကွက်ပေါင်းအိမ်ထောင်စု (၃၆)စုတို့ကို အိမ်တိုင်ရာရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

 

Community Chest of Korea, United Way Worldwide and ASEAN Foundation အဖွဲ့တို့၏ ထောက်ပံ့မှုဖြင့်နမ့်ခုံးအင်စတီကျူ့နှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Nam Khone Alumni Network, Multi-Ethnic Women Organization, Catholic Youth Network, Holding Hand from Cherry Land and Local Authority အဖွဲ့တို့ပူးပေါင်းပြီး COVID-19 ရောဂါကြောင့် ထိခိုက်ခံရလွယ်သူများနှင့် အကူအညီလိုအပ်နေသူများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးသော စီမံကိန်း “ASEAN CARE” ကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

“ASEANCARE” သည် မြန်မာ၊ မလေးရှားနှင့် ထိုင်းနိုင်ငံရှိ အားနည်းချက်ရှိသော လူများ၊ ကလေးသူငယ်ရှိသော မိသားစုများ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများ ဦးဆောင်သောအိမ်ထောင်စုများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်သည်များအား အခြေခံစားသောက်ကုန်နှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများအား ထောက်ပံ့ရန်ရည်ရွယ်ထားပြီး Community Chest of Korea မှ စုစုပေါင်းအမေရိကန်ဒေါ်လာ (၂၅၀၀၀) ကို မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသော လူဦးရေ (၁၅၀၀)ကျော်အား ထောက်ပံ့ရန် ကတိပြုခဲ့ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)