နေပြည်တော်  ၃  ဖေဖော်ဝါရီ 

ASEAN Enabling Masterplan 2025 မှတစ်ဆင့် မသန်စွမ်းသူများ၏ အခွင့်အရေးများ အကျုံးဝင်ရေးဆိုင်ရာ ကဏ္ဍပေါင်းစုံမှ ဆက်စပ်ပတ်သက်သူများ၏ ဆွေးနွေးပွဲအား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်အမရာ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟောက်ခန့်ဆုမ်းက (၆၃)ကြိမ်မြောက် ကုလသမဂ္ဂညီလာခံက မသန်စွမ်းသူများ လူ့အခွင့်အရေးအားလုံးနှင့် အခြေခံ လွတ်လပ်ခွင့်များညီမျှစွာ အပြည့်အဝရရှိစေရန်နှင့် တိုးမြှင့်လုပ်ဆောင်ရန်၊ မသန်စွမ်းသူများ၏ မွေးရာပါဂုဏ်သိက္ခာများ ပိုမိုလေးစားမှုရှိစေရန်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀ဝ၆ ခုနှစ် ဒီဇင်ဘာ(၁၃)ရက်တွင် အတည်ပြုချမှတ်ခဲ့ပါ ကြောင်း၊ ကွန်ဗင်းရှင်းနှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ကောင်းကျိုးများ တိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် (၂၀၂၀-၂၀၃၀) စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်အပါအဝင် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု မူဘောင်များကိုလည်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် မသန်စွမ်းသူများအပါအဝင် ASEAN ဒေသတွင်းလူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအား လေးစားရန်နှင့် ကာကွယ်ရန်အတွက် ASEAN လူ့အခွင့်အရေး ကြေညာစာတမ်းကို အတည်ပြုချမှတ်ခဲ့ပြီး ၎င်းကြေညာစာတမ်းတွင် သက်ဆိုင်ရာအစိုးရအဖွဲ့ များ၏ ကတိကဝတ်များကို အတိအလင်းဖော်ပြခဲ့ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်တွင် UNCRPD အဖွဲ့ဝင်အဖြစ် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး ကွန်ဗင်းရှင်းနှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅)နှင့် မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ(၂၀၁၇)တို့ကို အတည်ပြုပြဋ္ဌာန်း ခဲ့ပါ ကြောင်း၊ ASEAN မဟာဗျူဟာလုပ်ငန်းစီမံချက်(၂၀၂၅)တွင် ပါဝင်သည့် မသန်စွမ်းသူများ၏ အခွင့်အရေး အကောင်အထည်ဖော်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်းရှိ (၄ ဒသမ ၆)သန်း ခန့်ရှိသော မသန်စွမ်းသူများ၏ လူ့အခွင့်အရေးများ တန်းတူရရှိလာမည်ဖြစ်ပြီး လိုအပ်သော ဝန်ဆောင်မှုများလည်း ရရှိလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် (၂၀၂၁-၂၀၂၅)တွင် လုပ်ငန်း စီမံချက်အသစ်ရေးဆွဲချမှတ်ရမည့် ကာလဖြစ်သည့်အတွက် မသန်စွမ်းသူများအပါအဝင် လူ့အသိုက်အဝန်းတစ်ရပ်လုံးအတွက် အကျိုးပြုစေမည့် လုပ်ငန်းစီမံချက်များ ထည့်သွင်းစဉ်းစား ပြီး မဟာဗျူဟာစီမံချက်(၂၀၂၅) အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ASEAN ကဏ္ဍအလိုက် အဖွဲ့အစည်းများက ဦးစားပေးနယ်ပယ်များသတ်မှတ်ပြီး ဆောင်ရွက်သွား ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

‌ေ

 

ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့(MILI)မှ အမှုဆောင်ဒါရိုက်တာ ဒေါ်ယုယသူက ASEAN Enabling Masterplan 2025 မှတစ်ဆင့် မသန်စွမ်းသူများ၏ အခွင့် အရေးများ အကျုံးဝင်ရေးဆိုင်ရာကဏ္ဍပေါင်းစုံမှ ဆက်စပ်ပတ်သက်သူများ၏ ဆွေးနွေးပွဲပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်မှတာဝန်ရှိသူများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)