အသေးအဖွဲမှစတင်ဆင်ခြင်

၁၃ သြဂုတ်

 

“ကိုယ့်နိုင်ငံကို တန်ဖိုးထားတယ်ဆိုတာ အမှိုက်ပစ်တဲ့ အသေးအဖွဲလေးတွေကနေစပြီးတော့ ဆင်ခြင်ရပါမယ်။ မိဘတွေ၊ ဆရာတွေက သင်ပေးရမယ်။ ဒါပေမယ့် ဘယ်လောက်ပဲ သင်ပေးသင်ပေး သင်ယူတဲ့သူက သင်ယူမှရပါမယ်။ ဆရာတွေ၊ မိဘတွေ ဘယ်လောက်တော်တော် သင်ယူတဲ့ကလေးတွေက သင်ယူချင်တဲ့စိတ်ရှိအောင်လို့ စိတ်ဓာတ်သွင်းပေးဖို့လိုပါတယ်။ ကိုယ့်ပစ္စည်းထက် အများပိုင်ပစ္စည်းကို လေးစားဖို့၊ တန်ဖိုးထားဖို့ စိတ်တွေသွင်းပေးရပါမယ်။ နိုင်ငံတော်ရဲ့ပစ္စည်းကို မလေးစားတာဟာ ကိုယ့်နိုင်ငံကို မလေးစားတာပါပဲ။ မှန်ကန်တဲ့စိတ်ဓာတ်တွေကို လူငယ်တွေကိုသင်ပေးမယ်၊ လူငယ်တွေကို အလေ့အကျင့် ဖြစ်သွားအောင် လုပ်ပေးမယ်ဆိုရင် ကျွန်မတို့ရဲ့လူငယ်တွေဟာ ဘက်စုံဖွံ့ဖြိုးပြီလို့ ပြောလို့ရပါပြီ”ဟု လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်(မန္တလေး) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

လူငယ်လူရွယ်များ လက်တွေ့ပိုင်း၊ စိတ်ဓာတ်ပိုင်း၊ အတွေးအခေါ်ပိုင်း စသည်ဖြင့် အဘက်ဘက်၌ ဖွံ့ဖြိုးတိုးတက်လာစေရန် အသေးအဖွဲမှစတင်၍ လုပ်ဆောင်တတ်စေရေး အကြံပြုလမ်းညွှန်ထားသည်ကို ပြည်သူအားလုံး မှတ်သားလိုက်နာကြရပေမည်။ လူငယ်လူရွယ်များအား ကျောင်းပညာသင်ကြားရုံဖြင့် မပြည့်စုံသေးဘဲ မှန်ကန်သည့်စိတ်ဓာတ်များ လူငယ်လူရွယ်များ၏ နှလုံးသားတွင် ကိန်းအောင်းနေစေဖို့ ဖန်တီးပေးရန်လိုအပ်သည်။

 

လူငယ်လူရွယ်များမှာ လိုရာပုံသွင်းယူနိုင်သော အရွယ်များဖြစ်၍ လက်ဦးဆရာဖြစ်သော မိဘ၊ ဆရာသမားများက ဦးစွာလမ်းမှန်ညွှန်ပြပေးနိုင်ရန်၊ ပုံသွင်းပေးတတ်ရန် လိုအပ်သည်။ များသောအားဖြင့် ကျောင်းသားမိဘ၊ ဆရာသမားများမှာ မိမိတို့၏ရင်သွေး တပည့်များကို ကျောင်းပညာတတ်မြောက်ရေး၊ ထူးချွန်ရေး၊ အတန်းအောင်မြင်ရေးအတွက်သာ အဓိကထား လုံးပန်းကြသည်ကို တွေ့ရသည်။ အမှန်တကယ်တွင် တိုင်းပြည်အတွက် စံပြုထိုက်သောသူများ၊ ထူးချွန်ထက်မြက်သူများ၊စိတ်ဓာတ်ရေးရာ ကောင်းမွန်သူများ စသည်ဖြင့် ဘက်ပေါင်းစုံတွင် ကောင်းမွန်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာရေးအတွက် ပညာရေးသာမက အခြေခံကျင့်ဝတ်များ၊ နီတိများကိုပါ နားလည်သိမြင် ကျင့်ကြံအားထုတ်ကြသူများဖြစ်အောင် လမ်းမှန်ညွှန်ပြပေးကြရမည်ဖြစ်သည်။

 

လက်ရှိကာလတွင် နိုင်ငံတော်ကို တည်ဆောက်ရာ၌ ပတ်ဝန်းကျင်ကောင်းတစ်ရပ်ကို တည်ဆောက်နိုင်ရန် အထူးလိုအပ်နေသော အချိန်အခါ ဖြစ်သည်။ ပြည်သူပြည်သားများအနေဖြင့် တာဝန်မသိ၊ တာဝန်မရှိဘဲ ပတ်ဝန်းကျင်မှ အသေးအဖွဲကိစ္စလေးများမှအစ နိုင်ငံ၏ပုံရိပ်ကို ထိခိုက်စေသောကိစ္စများအထိ အမြင်မတင့်ဖွယ်ရာ အနေအထားများဖြစ်နေသည်ကို မြင်တွေ့နေရသည်။ ပတ်ဝန်းကျင်ကို မိမိပိုင်ဝန်းကျင်ကဲ့သို့ တန်ဖိုးမထားတတ်ကြသောကြောင့် မိမိနိုင်ငံကိုပင် တန်ဖိုးမထားကြသူများအဖြစ် ရောက်ရှိမည့်အရေးကို ကြီးသောသူများ၊ မိဘဆရာသမားများက စိုးရိမ်ပူပန်ကာ ဝိုင်းဝန်းဆောင်ရွက် ကြရမည်ဖြစ်သည်။

 

ကောင်းမွန်သောအနာဂတ်၊ ကောင်းမွန်သောနိုင်ငံ ဖြစ်ပေါ်လာရေးအတွက် မိမိတို့အားလုံးတွင် တာဝန်ရှိ ကြပါသည်။ အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူကြရမည့်သူများမှာ ယနေ့ လူငယ်လူရွယ်များသာဖြစ်၍ အဆိုပါလူငယ်လူရွယ်များ ဘက်စုံထူးချွန်ထက်မြက်သူများဖြစ်အောင် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ ဂုဏ်သိက္ခာရှိသော နိုင်ငံသားများအဖြစ် ကမ္ဘာ့အလယ်တွင် တင့်တင့်တယ်တယ် ရပ်တည်နိုင်အောင် ကျင့်ကြံလိုက်နာဆောင်ရွက်တတ်သည့် အလေ့အထများ မွေးမြူကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ယနေ့လူငယ်များ လူချွန်လူမွန်များဖြစ်စေရေး၊ နိုင်ငံတော်၏ အနာဂတ်ကောင်းမွန်ရေးအတွက် လမ်းမှန်ညွှန်ပြပေးမှုနှင့်အညီ ယနေ့လူငယ်များအား အသေးအဖွဲမှအစ အလေးထားတတ်အောင် ဝိုင်းဝန်းတည့်မတ်ပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။ ။

 

(ကြေးမုံ)