နေပြည်တော် ၁၈ ဇွန်
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏ (၁/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမနှင့် ရန်ကုန်မြို့ရှိ SME Center တို့၌ Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အေဂျင်စီတွဲဖက်ဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းနှင့် အေဂျင်စီဒုတိယဥက္ကဋ္ဌ၊ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် MSME Agency အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အေဂျင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ကိုဗစ်ကာလတွင် MSME လုပ်ငန်းများအား ထိခိုက်နစ်နာမှုများ ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် ကိုဗစ် ကယ်ဆယ်ရေးအစီအစဉ် (CERP)တွင် နိုင်ငံတော်မှ ချေးငွေများ ထုတ်ချေးပေးရန် ပါဝင်ပါကြောင်း၊ JICA Two-Step Loan မှ ပိုလျှံသည့် ချေးငွေများကို MSME လုပ်ငန်းများသို့ ထပ်မံထုတ်ချေးပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ MSME များ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေတစ်ခုတည်းဖြင့် မလုံလောက်ကြောင်း၊ နည်းပညာ၊ ဈေးကွက် ထိုးဖောက်နိုင်ရေး၊ ကျွမ်းကျင်လုပ်သားရရှိရေး စသည့် ဘက်စုံရရှိမှသာ MSME များ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ကိုဗစ် ကာလတွင် MSME များကို ခေတ္တပိတ်ထားခဲ့ရသဖြင့် ထိခိုက်နစ်နာမှုများရှိခဲ့ကြောင်း၊ ကိုဗစ်ကာလအတွင်း ပြန်လည်ရောက်ရှိလာသည့် ကျွမ်းကျင်လုပ်သားများအနေဖြင့် MSME လုပ်ငန်းများကို ထူထောင်ခြင်း၊ ပူးပေါင်းပါဝင် ဆောင်ရွက်လျှင် နိုင်ငံတော်၏ ထုတ်လုပ်မှုပမာဏ တိုးမြှင့်နိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်ကာလအတွင်း ထိခိုက်နစ်နာခဲ့သည့် MSME များကို ဆက်လက်ရှင်သန်ရပ်တည်နိုင်အောင် ပံ့ပိုးကူညီ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
ကိုဗစ် အလွန်တွင် စီးပွားရေး လုပ်ငန်းများ၏ လုပ်ကိုင်မှုပုံစံများ ပြောင်းလဲလာသကဲ့သို့ စားသုံးသူများ၏ လိုအပ်ချက် ပုံစံများပါ ပြောင်းလဲလာမည် ဖြစ်ကြောင်း၊ စားသုံးသူများ၏ အပြောင်းအလဲနှင့် လိုက်လျောညီထွေ ပြောင်းလဲလုပ်ကိုင်နိုင်ခြင်း မရှိသည့်လုပ်ငန်းများသည် ရပ်တည်ရန် ခက်ခဲလာနိုင်ကြောင်း၊ MSME လုပ်ငန်းများသည် Digital Economy ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာရန် လိုအပ်လာမည် ဖြစ်ကြောင်း၊ ဈေးကွက်လိုအပ်ချက်နှင့်အညီ Internationalization SME ဖြစ်လာရေး၊ ဈေးကွက်နှင့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီရရှိ၍ MSME ထုတ်ကုန်များသည် ပြည်တွင်းလုပ်ငန်းများမှ ဒေသတွင်းနှင့် ကမ္ဘာ့ထုတ်လုပ်မှုတန်ဖိုး ကွင်းဆက် Global Value Chain (GVC)နှင့် International Production Nature (IPN) ချိတ်ဆက်ထိုးဖောက် ဆောင်ရွက်သွားရန်အတွက် တက်ရောက်လာသည့်သူများမှ အကြံဉာဏ်ကောင်းများဖြင့် ဝိုင်းဝန်ဆွေးနွေးပေးကြရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။
အစီအစဉ်အရ အေဂျင်စီတွဲဖက်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုကြောင့် MSME လုပ်ငန်းများ ထိခိုက်ခံစားရမှု အနည်းဆုံးဖြစ်စေရေးနှင့် ကိုဗစ် အလွန်ကာလတွင် MSME လုပ်ငန်းများ အမြန်ဆုံး ပြန်လည်ရပ်တည်နိုင်ရေးအတွက် MSME အေဂျင်စီအနေနှင့် မည်ကဲ့သို့ ကူညီပံ့ပိုးပေးရမည်ကို အဓိကထား ဆွေးနွေးကြရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ မှတ်ပုံတင် ခြင်းဆိုင်ရာ ကိစ္စရပ်များအပြင် FNF နှင့် ပူးပေါင်းရေးဆွဲထားသည့် Myanmar MSMEs Master Plan အပေါ် အေဂျင်စီအဖွဲ့ဝင်များက သဘောထားမှတ်ချက်ပေးကြရန်၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပြင်ဆင်ပြဋ္ဌာန်း သတ်မှတ်နိုင်ရေးတို့အတွက် အေဂျင်စီအဖွဲ့ဝင်များမှ ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း။
ကိုဗစ်ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဘဏ္ဍာရန်ပုံငွေများကို တိုးမြှင့်ချထား ခွင့်ပြုပေးခဲ့ပါကြောင်း၊ ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများအတွက်လည်း တိုးမြှင့်ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ MSME လုပ်ငန်းများကိုလည်း ထုတ်ချေးပေးလျက်ရှိကြောင်း၊ ထို့ပြင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများကိုပါ တိုးချဲ့ထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အသေးစားငွေချေး လုပ်ငန်းများကိုလည်း ထောက်ပံ့ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်အလွန်တွင် အမြန်ပြန်လည်တိုးတက်လာနိုင်မည့် Resilient MSME များ ဖြစ်လာစေရေးအတွက် MSME အေဂျင်စီအဖွဲ့ဝင်များက ပိုမိုထိရောက်စွာ ပံ့ပိုးဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အေဂျင်စီဒုတိယဥက္ကဋ္ဌ၊ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အေဂျင်စီအတွင်းရေးမှူးနှင့် တက်ရောက်လာကြသော MSME Agency အဖွဲ့ဝင်များက ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုကြောင့် MSME လုပ်ငန်းများ ထိခိုက်ခံစားရမှု အနည်းဆုံးဖြစ်စေရေး၊ ကိုဗစ်အလွန်ကာလတွင် MSME လုပ်ငန်းများ အမြန်ဆုံး ပြန်လည်ရပ်တည်နိုင်ရေးအတွက် MSME အေဂျင်စီအနေဖြင့် မည်သို့ကူညီပံ့ပိုးပေးမည့် ကိစ္စရပ်များ၊ MSME လုပ်ငန်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ FNF နှင့် ပူးပေါင်းရေးဆွဲထားသည့် Myanmar MSMEs Master Plan အပေါ် သဘောထားမှတ်ချက်ပြုမှုများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ ပြင်ဆင်ပြဋ္ဌာန်းသတ်မှတ်ရန်၊ Digital စီးပွားရေးစနစ် အသုံးပြုဆောင်ရွက်နိုင်ရေးအတွက် Digital MSME Application တစ်ခုဆောင်ရွက်ရန်နှင့် အခြားမူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးပြောကြားသည်။
ထို့နောက် အေဂျင်စီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


