အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနှင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှ MSMEs အေဂျင်စီများနှင့်တွေ့ဆုံ

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးတို့သည် ယနေ့နံနက် ၉ နာရီခွဲတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ MSMEs အေဂျင်စီများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

 

 

အစည်းအဝေးတွင် မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အဖွင့်အမှာစကား ပြောကြားသည်။

 

 

ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထူးက မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ခရီးသွားလုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်မည့် အလားအလာကောင်းများ ရှိပါကြောင်း၊ ပထဝီအနေအထားအရ အားသာချက်များကို အသုံးချ၍ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့၏ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

 

ယင်းနောက် မွန်ပြည်နယ် MSMEs အေဂျင်စီ ဥက္ကဋ္ဌ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်၊ ကရင်ပြည်နယ်၊ MSMEs အေဂျင်စီ ဥက္ကဋ္ဌ ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်၊ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ကျော်တို့က အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။ 

 

 

မောင်မင်းနိုင်