နေပြည်တော် ဇူလိုင် ၂၆
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ (၂/၂၀၂၃) အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌက MSME များမှ လိုအပ်သည့်ချေးငွေများကို စနစ်တကျ ထုတ်ချေးသွား မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ မတည်ပေးထားသည့် ငွေကျပ် ဘီလီယံ ၁၇၀ မှ ချေးငွေ မဟုတ်သည့် ကိစ္စရပ်များအတွက် ငွေကျပ် ဘီလီယံ ၂၀ လျာထားသုံးစွဲမည့်အပေါ် လုပ်ငန်းကော်မတီ၏ အတည်ပြုချက် ရရှိပြီးဖြစ်ကြောင်း၊ ငွေကျပ် ဘီလီယံ ၂၀ အတွက် ရေးဆွဲထားသည့် လုပ်ထုံးလုပ်နည်း (မူကြမ်း)တွင် ဖြည့်စွက်ထည့်သွင်း ရေးဆွဲသင့်သည်များရှိပါက ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း၊ ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌက “ချေးငွေ ချေးလိုသူများအနေဖြင့် ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ချေးယူလိုကြောင်း၊ ချေးငွေထုတ်ချေး ရာတွင် လက်ရှိလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည်ပတ်နိုင်ရန်အတွက် အတိုးနှုန်း (၁)မျိုး၊ လုပ်ငန်းတိုးချဲ့မည့် လုပ်ငန်းများအတွက် အတိုးနှုန်း (၁)မျိုး၊ လုပ်ငန်းစတင်မည့်သူများ အတွက် အတိုးနှုန်း (၁)မျိုး ခွဲခြားသတ်မှတ်ထုတ်ချေးပေးရန်” အကြံပြုချက်ကိုလည်း လုပ်ငန်းလမ်းညွှန်အဖြစ် လိုက်နာကြရမည်ဖြစ်ကြောင်း၊ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် မိမိတို့ကဏ္ဍနယ်ပယ်အလိုက် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၃) အစည်း အဝေး ဆုံးဖြတ်ချက်များ၊ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ငွေကျပ် ဘီလီယံ ၂၀ သုံးစွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (မူကြမ်း) တို့ကို လည်းကောင်း၊ ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့က ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ရန်ပုံငွေ စီမံခန့်ခွဲ့မှုအဖွဲ့နှင့် ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့တို့ချုပ်ဆိုမည့် Administration Agreement (မူကြမ်း)နှင့် Participating Financial Institutions (PFIs) ဘဏ်များနှင့်ချုပ်ဆိုမည့် Participation Agreement (မူကြမ်း) တို့ကိုလည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက ဘဏ္ဍာရေး စည်းမျဉ်းထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)