နေပြည်တော် ဇွန် ၂၇

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနေ့ ၂၀၂၅ (MSME Day 2025) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာနရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသဆိုင်ရာ MSME အေဂျင်စီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက Virtual ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက MSME များသည် ကမ္ဘာ့စီးပွားရေး၏ ကျောရိုးဖြစ်သကဲ့သို့ ဆင်းရဲမှုလျှော့ချရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ အောင်မြင်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်သည် MSME များဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မှုတွင် ၆၀ မှ ၇၀ ရာခိုင်နှုန်းထိရှိကြောင်း၊ ယနေ့ခေတ်ကာလတွင် MSME များအနေဖြင့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် စီးပွားရေးပတ်ဝန်းကျင်တွင် ရှင်သန်ရပ်တည်နိုင်ရန်အတွက် ဒစ်ဂျစ်တယ်စနစ်ကို မဖြစ်မနေအသုံးပြုရန်လိုအပ်ကြောင်း၊ ဒစ်ဂျစ်တယ်စနစ်သည် လုပ်ငန်းဆောင်ရွက်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ ပြည်တွင်း၊ ပြည်ပဈေးကွက်ချဲ့ထွင်နိုင်ခြင်း၊ ဖောက်သည် ဝန်ဆောင်မှုပိုမိုကောင်းမွန်လာခြင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့်ပေးခြင်းအစရှိသည့် အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ကြောင်း။

ထို့အတူ ဘဏ္ဍာရေးအထောက်အပံ့၊ စျေးကွက်ရှာဖွေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အစပြုလုပ်ငန်းများ ပေါ်ထွန်းလာရေးတို့သည် MSME များ ရေရှည်တည်တံ့စွာဖွံ့ဖြိုးတိုးတက်ရန်အတွက် အရေးကြီးသည့် ကဏ္ဍများပင်ဖြစ်ကြောင်း၊ MSME များသည် ရင်းနှီးမြှုပ်နှံမှုအတွက် အရင်းအနှီးလိုအပ်ချက်အမြဲရှိနေခြင်းကြောင့် ချေးငွေများ၊ အာမခံများ၊ အသေးစားချေးငွေစနစ်များနှင့် အခြားသောဘဏ္ဍာရေး ဝန်ဆောင်မှုများကို လွယ်ကူချောမွေ့စွာရရှိနိုင်ရေး ပံ့ပိုးကူညီပေးနိုင်ရန် အရေးကြီးကြောင်း၊ ဘဏ္ဍာရေးအထောက်အပံ့ကောင်းမွန်မှသာ လုပ်ငန်းများတိုးချဲ့နိုင်မည်ဖြစ်ပြီး စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ခေတ်ကာလ၏ ပြိုင်ဆိုင်မှုပြင်းထန်သည့် ဈေးကွက်တွင် MSME များ အောင်မြင်နိုင်ရန်အတွက် ထိရောက်သည့် စျေးကွက်ရှာဖွေရေး နည်းဗျူဟာများလည်းလိုအပ်ကြောင်း၊ ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေး၊ လူမှုမီဒီယာစျေးကွက်ရှာဖွေရေး၊ ကုန်စည်ပြပွဲများတွင်ပါဝင်ပြသခြင်းနှင့် ကွန်ရက်တည်ဆောက်ခြင်း စသည်တို့သည်လည်း MSMEများ အတွက်အရေးကြီးသည့် စျေးကွက်ရှာဖွေရေး နည်းလမ်းများဖြစ်ကြောင်း။

နိုင်ငံတော်အနေဖြင့်လည်း ယခုလေးနှစ်တာကာလအတွင်း MSME များ တိုးတက်အောင်မြင်စေရေး အထူးအားပေးဆောင်ရွက်ပေးလျက်ရှိသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းတစ်ခုချင်းစီအလိုက် တိုးတက်အောင်မြင်စေရေး ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ ယနေ့ အထိမ်းအမှတ်အခမ်းအနားမှတစ်ဆင့် MSME များ၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုမြှင့်တင်ပေးပြီး အစိုးရ၊ ပုဂ္ဂလိက၊ အဖွဲ့အစည်းများနှင့် MSME လုပ်ငန်းရှင်များအားလုံး ပူးပေါင်းပါဝင်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးစဉ်ဆက်မပြတ် တိုးတက်စေပြီး သာယာဝပြောသည့်အနာဂတ်ကို တည်ဆောက်နိုင်မည်ဟုယုံကြည်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲ Video Clip ပြသပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်)မှ MSME ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် MSME ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ၊ MSME ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌတို့က လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)ရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများက MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစာတမ်းများကို ဖတ်ကြားပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်