နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

 

အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ (/၂၀၂)  အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေး ခန်းမ၌ကျင်းပရာ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဝင်များ၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ရုံးချုပ်မှတာဝန်ခံများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၊ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေး လုပ်ငန်းများအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီအထိ အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးသည့် ပြည်ပကုမ္ပဏီ (၅၄) ဖွဲ့၊ ပြည်တွင်းကုမ္ပဏီ (၁၁၆) ဖွဲ့နှင့် အစုစပ်ကုမ္ပဏီ (၈) ဖွဲ့၊ စုစုပေါင်း (၁၇၈) ဖွဲ့ရှိနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၅) ခုရှိ မြို့နယ်ပေါင်း (၂၆၃) မြို့နယ်၊ ရပ်ကွက် (၂၂၄၅) ရပ်ကွက်၊ ကျေးရွာပေါင်း(၂၆၉၈၆) ရွာရှိ အသင်းဝင်ဦးရေ (၃ ဒသမ ၄၅) သန်း၊ ထုတ်ချေးငွေ လက်ကျန်ငွေကျပ် ၁၈၃၅ ဒသမ ၉၅၄ ဘီလီယံဖြင့် ငွေကြေးဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရ အသေး စားငွေရေးကြေးရေး ကုမ္ပဏီများအနေဖြင့် ငွေကြေးဝန်ဆောင်မှုပေးရာတွင် သတ်မှတ်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီဖြစ်စေရေး အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း၊ အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီအနေဖြင့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ၏ ကိုဗစ်နှင့် နိုင်ငံရေး ဖြစ်စဉ်များကြောင့် ကြုံတွေ့ရသည့် ငွေသားထုတ်ယူမှုနှင့် ပြည်ပချေးငွေရယူရန် အခက်အခဲများ ကျော်လွှားနိုင်ရန်နှင့်  လုပ်ငန်းလည်ပတ်မှု အဆင်ပြေစေရန်အတွက် ပြည်တွင်းဘဏ်များမှ ချေးငွေရယူသည့် လုပ်ငန်းစဉ်များမြန်ဆန်အောင် ဆောင်ရွက်ပေးခြင်း၊ ချေးငွေအတန်းအစား ခွဲခြားခြင်းနှင့် ကြွေးဆုံးလျာထားသတ်မှတ်ခြင်းဆိုင်ရာ ဖြေလျှော့ခြင်းများကို ဆောင်ရွက်ပေးခြင်း၊ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများကို ကော်ပိုရိတ် အာမခံကိုယ်စားလှယ် လုပ်ကိုင်ခွင့်ပြုခြင်း၊ ဒစ်ဂျစ်တယ် ငွေကြေးဝန်ဆောင်မှုရယူ ဆောင်ရွက်ခွင့်ပြုခြင်း၊ ချေးငွေဝန်ဆောင်မှုအသစ်များ ခွင့်ပြုပေးခြင်း၊ နယ်မြေဒေသ အေးချမ်းမှုရှိပြီး စီးပွားရေးလုပ်ငန်းများ ကောင်းမွန်သောဒေသများသို့ နယ်မြေတိုးချဲ့ခွင့် ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ဦးစားပေးကဏ္ဍဖြစ်သည့် MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ချေးငွေများ ထုတ်ချေးခြင်း၊ သီးနှံစိုက်ပျိုးသည်မှ ထုတ်လုပ်ရောင်းချနိုင်သည်အထိ Supply Chain တစ်ခုလုံးအတွက် ချေးငွေထုတ်ချေးနိုင်ရန် စီစဉ် ဆောင်ရွက်ခြင်းသာမက အသင်းဝင်များအတွက် လိုအပ်သည့် လူမှုရေးဝန်ဆောင်မှု (CSR) လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြည့်စွက်ဆွေးနွေးမှာကြားပြီး အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှု၊ အတိုးနှုန်းပြင်ဆင်သတ်မှတ်ရန် သုံးသပ်ဆောင်ရွက်ထားရှိမှု၊ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း (၃) ဖွဲ့၏ လုပ်ငန်းလိုင်စင်လျှောက်ထားမှု၊ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ နယ်မြေတိုးချဲ့မှု၊ ချေးငွေပြန်လည်ကောက်ခံမှုကို Mobile Financial Services ကို အသုံးပြုခွင့်အပါအဝင် ကြီးကြပ်မှုကော်မတီက ဆွေးနွေးဆုံးဖြတ်ရန် အချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အသေးစား ငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကြပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်