နေပြည်တော် ၉ အောက်တိုဘာ

           

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ကမ္ဘာ့ဘဏ်အဖွဲ့၏ ကျွမ်းကျင်မှုနည်းပညာ အကူအညီဖြင့် Innovative Beneficiary Engagement အစီအစဉ်ကို မြန်မာနိုင်ငံတွင် အသေးစား အဂတိလိုက်စားမှု လျှော့ချရေးအတွက် လက်သုံးကိရိယာအဖြစ် စမ်းသပ်အသုံးပြုခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။

 

1

           

အခမ်းအနား၌ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အဖွင့်အမှာစကားပြောကြားရာတွင် CPU Toolkit သည် အခြေခံပြည်သူတစ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူအကြားဝန်ဆောင်မှုအပေါ်  အကြံပြုချက်ရယူရန် ချိတ်ဆက်ပေးသော ယန္တရားတစ်ခုသာဖြစ်ပြီး တည်ဆဲတိုင်ကြားမှုယန္တရားကို အစားထိုးခြင်း သို့မဟုတ် ဖြည့်စွက်ခြင်း လုံးဝမဟုတ်ပါကြောင်း၊ ဒေသဆိုင်ရာရုံးဌာနခွဲတစ်ခုတွင် ဝန်ဆောင်မှုကိုရယူရန် လာရောက်သော အခြေခံပြည်သူတစ်ဦးအား ပြည်ထောင်စုဝန်ကြီးရုံး သို့မဟုတ် နေပြည်တော်ရှိရုံးဌာနချုပ်မှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရန် တာဝန်ရှိသောအရာရှိတစ်ဦးက လက်ကိုင်ဖုန်းမှတဆင့် SMS ဖြင့် အဆက်အသွယ်ရယူ၍ ဝန်ဆောင်မှုအခြေအနေကို စုံစမ်းမေးမြန်းခြင်းနှင့် ယင်းအခြေခံပြည်သူအတွက်လိုအပ်သော အကူအညီကိုဖြည့်ဆည်းပေးခြင်း စသည်တို့ဖြင့် အောက်ခြေရုံး/ဌာနများတွင် ဖြစ်လေ့ရှိသော အသေးစားအဂတိလိုက်စားမှုများကို မဖြစ်ပေါ်လာစေရန် ကြိုတင်တားဆီး ကာကွယ်ပေးသော လက်သုံးကိရိယာတစ်ခုဖြစ်ကြောင်း၊ ယခုအစီအစဉ်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် သာမကနိုင်ငံတော်အစိုးရ၏ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်အတွက် မရှိမဖြစ်အင်္ဂါရပ်(၃)ခုဖြစ်သည့် တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှုနှင့် တုံ့ပြန်ဖြေကြားမှုတို့ကိုလည်း ဖြည့်ဆည်းပေးကြောင်း။

 

ယခုအခါ ပြည်ထောင်စုဝန်ကြီးဌာန (၁၇)ခုနှင့့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း (၅)ခုတွင် CPU အဖွဲ့(၃၇)ခု ဖွဲ့စည်းပြီးဖြစ်သည့်အပြင် ယင်း CPU များအတွက် ရည်မှန်းချက် တာဝန်(၃)ရပ်၊ လုပ်ငန်းစဉ် (၆)ချက်တို့ကိုလည်း ချမှတ်ထားပြီးဖြစ်ကြောင်း၊ ယနေ့မှ စတင်၍ အရေးကြီးသော ပြည်ထောင်စုဝန်ကြီးဌာန (၁၀)ခုသည် CPU Toolkit များကို မြို့နယ်တချို့တွင် စတင်စမ်းသပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်ပြည်ထောင်စု ဝန်ကြီးဌာနများသည်လည်း မကြာမီစတင် စမ်းသပ်ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် "တားဆီးကာကွယ်ခြင်း" သည် တရားစွဲဆို အရေးယူဆောင်ရွက်ခြင်းထက် များစွာ ပိုမိုထိရောက်မှုရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းအား ပြစ်မှုမဖြစ်ပွားမီ ကြိုတင်တားဆီးကာကွယ်နိုင်ခြင်းဖြင့် သက်ဆိုင်သူ တစ်ဦးချင်းစီအတွက်သာမက နိုင်ငံတော်အတွက်ပါ   ထိခိုက်နစ်နာမှုကိုနည်းပါး သက်သာစေပါကြောင်း၊ ထို့ကြောင့် CPU များ အလုပ်လုပ်နိုင်ရန် တာဝန်ရှိသူများက မိသားစုစိတ်ဓာတ်ဖြင့် ကူညီပေးကြရန် အလေးအနက်မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကမ္ဘာ့ဘဏ်အဖွဲ့မှ Head of Office, Mr.GevorgSargsyan က အဂတိလိုက်စားမှုသည် စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဆင်းရဲမွဲတေမှုပပျောက်ရေးကို အဟန့်အတားဖြစ်စေပြီး အလွန်ပင်ထိခိုက်စေနိုင်ပါကြောင်း၊ အစိုးရအရာရှိများ၏ နေ့စဉ်ပြုလုပ်နေသော လုပ်ဆောင်ချက်များသည် နိုင်ငံသူ၊ နိုင်ငံသားများအပေါ် အဓိကသက်ရောက်နိုင်ပါကြောင်း၊ နှစ်ပေါင်း (၂၀)ကျော်ခန့်ကပင် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ James Wolfensohn က အဂတိလိုက်စားမှုအမြစ်တွယ်နေမှုအား ကင်ဆာရောဂါ ကဲ့သို့ သဘောထား၍ အတူတကွပူးပေါင်းတိုက်ဖျက်ရန် မေတ္တာရပ်ခံခဲ့ပါကြောင်း၊ ဆန်းသစ်တီထွင် သောနည်းပညာဆိုင်ရာ ချဉ်းကပ်မှုများသည် အများပြည်သူဆိုင်ရာကဏ္ဍတွင် အသေးစားအဂတိ လိုက်စားမှုများကို တိုက်ဖျက်ရန်အကူအညီပေးခြင်းဖြင့် ပြည်သူဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်စေရန်နှင့် အစိုးရနှင့်ပြည်သူ ယုံကြည်မှုတိုးတက်လာစေရန်ဖြစ်ကြောင်း၊ ကမ္ဘာဘဏ်အနေဖြင့် ပါကစ္စတန်နှင့် အယ်ဘေးနီးယားနိုင်ငံတို့တွင် အလားတူကူညီခဲ့ပါကြောင်း၊ ယခုအခါ ကော်မရှင်အား ကူညီဆောင်ရွက်ပေးရသဖြင့် ဝမ်းမြောက်မိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံးသော မဟာဗျူဟာတစ်ခုပင်ဖြစ်ပါကြောင်း ပြောကြားသည်။

           

ထို့နောက် ပြည်သူ့ဝန်ဆောင်မှုအများဆုံး ဆောင်ရွက်နေသော ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း (၁၀)ခုတွင် အသေးစားအဂတိလိုက်စားမှု လျှော့ချရေးအတွက် ဌာနများတွင် ဝန်ဆောင်မှုရယူသော ပြည်သူလူထုထံသို့ CPU Toolkit နည်းပညာကိုအသုံးပြု၍ လက်တွေ့စမ်းသပ်ဆောင်ရွက်ခဲ့မှုမှတ်တမ်း video ကို ပြသသည်။

 

7

           

ဆက်လက်၍ အခမ်းအနားတက်ရောက်ကြသော တာဝန်ရှိပုဂ္ဂိုလ်များသည် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း(၁၀)ခုမှ CPU အဖွဲ့(၁၃)ဖွဲ့၏ Toolkit လက်တွေ့အသုံးပြု၍ (Data Entry Operator-DEO) အဖွဲ့များထံ လိုအပ်သည့် အချက်အလက်များ ကောက်ယူခြင်း၊ အစိုးရနှင့် ပြည်သူလူထုအကြား ဝန်ဆောင်မှုရယူနေခြင်း၊ ဝန်ဆောင်မှုယူသော ပြည်သူများထံသို့ SMS ပေးပို့ခြင်း၊ ပြည်သူများထံမှ တုံ့ပြန်ဖြေကြားမှုများ လက်ခံခြင်းတို့နှင့်စပ်လျဉ်း၍ လက်တွေ့ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုကြသည်။

           

CPU Toolkit စတင်စမ်းသပ်ဆောင်ရွက်မှုအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးတို့က မြို့နယ်အချို့တွင် ဝန်ဆောင်မှုရယူခဲ့သည့် ပြည်သူလူထုသို့ စတင်စမ်းသပ် ဆက်သွယ်ဆောင်ရွက်ကြမည်ဖြစ်ပြီး Mobile Phone ဖြင့် ဆက်သွယ်ဆောင်ရွက်ရာ၌ အဆင်ပြေလျင်မြန်စွာအသုံးပြုနိုင်ရေး CPU များ၏ Short Code အဖြစ် "1111" အား သတ်မှတ်ထားရှိကြောင်း သိရသည်။

           

အခမ်းအနားဒုတိယပိုင်းတွင် USAID အကူအညီဖြင့် Promoting the Rule of Law in Myanmar (PRLM)အဖွဲ့က မြန်မာနိုင်ငံ၌ ၂၀၁၉ ခုနှစ်အတွင်း အဂတိလိုက်စားမှုဆိုင်ရာ စစ်တမ်းကောက်ယူမှုရလဒ်များကို ဆက်လက်ရှင်းလင်းတင်ပြသည်။ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံအတွင်း ပြည်နယ်၊ တိုင်းဒေသကြီးများတွင် လူဦးရေ(၃၀၉၆)ဦးကို စစ်တမ်းကောက်ယူခဲ့ပြီး အဂတိလိုက်စားမှုအပေါ် သာမန်ပြည်သူများ၏ ထင်မြင်ချက်ကို မေးခွန်းပေါင်း(၉၉)ခုဖြင့် စစ်တမ်းကောက်ယူမှု ရလဒ်များကို အသေးစိတ်တင်ပြဆွေးနွေးခဲ့ကြသည်။

 

သတင်းစဉ်