နေပြည်တော်၊ ၁၉ ဒီဇင်ဘာ

 

စားသောက်ကုန် လုပ်ငန်းရှင်များကို အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ နည်းပညာများ အကူအညီပေးခြင်းဖြင့် အရည်အသွေးကောင်းမွန်သော တန်ဖိုးမြှင့် စားသောက်ကုန်များ ထုတ်လုပ်မှု ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ အသေးစားစက်မှုလက်မှုလုပ်ငန်း နည်းပညာပြန့်ပွားရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် ဝန်ထမ်းမွမ်းမံသင်တန်း ဆွေးနွေးပွဲများကို အွန်လိုင်းစနစ်ဖြင့် ကျင်းပပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက “အသေးစား စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး” အွန်လိုင်းသင်တန်းဆွေးနွေးပွဲကို Zoom Application ဖြင့် ကျင်းပသည်။

 

အဆိုပါ အွန်လိုင်းသင်တန်းဆွေးနွေးပွဲတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင်က အဖွင့်မှာစကားပြောကြားပြီး ဘာသာရပ်ဆိုင်ရာပြင် ပကျွမ်းကျင်ပညာရှင် (၃)ဦးတို့က သီးနှံတာရှည်ခံ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ အသင့်စား (Ready Made) စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် သစ်သီးဝိုင်အမျိုးမျိုး ထုတ်လုပ်ခြင်းခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို အပြန်အလှန်မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနတာဝန်ရှိသူများ၊ ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတို့မှ ကျောင်းအုပ်ကြီးနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းများမှ ကျောင်းအုပ်များနှင့် ဝန်ထမ်းများ၊ စားသောက်ကုန်လုပ်ငန်းရှင်များနှင့် ပြင်ပမှစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ညီညီသန်း(နေပြည်တော်)