ဝင်းမြင့် (ရွှေခြံသား)

 

“အရင်တုန်းကကျ မီးစက်နဲ့ဆိုတော့ အလုပ်တစ်ခုလာ တစ်ခါစက်မနှိုးနိုင်ဘူးလေ ဆရာ... အလုပ်တွေ အများကြီးလာမှ စက်နှိုးပြီး လုပ်ရတော့ လူလည်း ပန်းတာပေါ့… အမြန်လိုရင်လည်း အမြန် မရောက်ဘူးပေါ့ ဆရာရယ်… လုပ်နိုင်မယ့်ပမာဏနဲ့ ချင့်လက်ခံရတော့ အများကြီးလည်း လက်ခံလုပ်မပေးနိုင်ဘူး၊ ခုကတော့ ခလုတ်လေးတစ်ချက်နှိပ်ရုံဆိုတော့ အလုပ်တစ်ခုလာ တစ်ခါလုပ်ပဲ... စုပြုံပြီး အချိန်လုလုပ်ရတာ မဟုတ်တော့ အလုပ်တွေလည်း ပိုလက်ခံနိုင်၊ ပိုလုပ်နိုင် လာတာပေါ့ဗျာ”

 

ဆိုလာအသေးစားဓာတ်အားပေးစနစ်ဖြင့်

လွန်ခဲ့သည့် ခုနစ်နှစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး ခန္တီးကျေးရွာမှ တွင်ခုံလုပ်ငန်းရှင် ဦးတိုးမောင်က သူတို့ရွာ၌  ဆိုလာအသေးစား ဓာတ်အားပေးစနစ်ဖြင့် လျှပ်စစ်မီးရသည့်အချိန်တွင် ယခုလို ပြောပြခဲ့ဖူးတာ  သတိရသည်။ ဒါတောင်  သူက မီးစက်ဖြင့် အလုပ်လုပ်နိုင်သူ။ သည်တုန်းက စက်သုံးဆီ ဈေးနှုန်းဆိုသည်မှာလည်း ကျပ်ရာဂဏန်းမျှသာ။ သို့သော်ထိုအခြေအနေ ထိုကာလ ကတည်းကပင် ဆိုလာအသေးစား ဓာတ်အားပေးစနစ်ဖြင့် လျှပ်စစ်မီးရရှိလာသည့်အချိန်နှင့် မရမီအချိန်တို့မှာ အတော်လေးခြားနားခဲ့တာ တွေ့ရသည်။  ခန္တီးကျေးရွာမှာ  ကျွန်းကျေးရွာ ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ပင်မဓာတ်အားပေးစနစ်မှ လျှပ်စစ်မီးရရှိရန် မလွယ်ကူသည့် အခြေအနေ။ ဤသို့သော အခြေအနေတွင် ဆိုလာအသေးစားဓာတ်အားပေး စနစ်သည် ခန္တီးကျေးရွာ  မီးလင်းရေးအတွက် နယ်မြေဒေသနှင့်လိုက်လျောညီထွေရှိသည့် ကျေးရွာသူ ကျေးရွာသားများ လက်လှမ်းမီရန် လွယ်ကူသည့် စနစ်တစ်ခုဖြစ်ခဲ့သည်။

ခန္တီးကျေးရွာရှိ ဆိုလာအသေးစားဓာတ်အား ပေးစနစ်ကို  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်  အမျိုးသား လျှပ်စစ်ဓာတ်အားပေးစီမံကိန်း(National Electri-fication Project- NEP)၏ မဟာဓာတ်အားလိုင်း ပြင်ပ(Off-Grid)  အစီအစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံကိန်းရန်ပုံငွေမှ ၆၀ ရာခိုင်နှုန်း၊ ကျေးရွာနေပြည်သူမှ ၂၀ ရာခိုင်နှုန်း၊ လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီ (Mini-Grid Developer) မှ ၂၀ ရာခိုင်နှုန်းထည့်ဝင်၍ ရှေ့ပြေးစီမံကိန်း (Pilot Project)အဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ အသေးစားဓာတ်အားပေးစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု ပထမဆုံးခြေလှမ်း၊ မြေစမ်းခရမ်းပျိုးကာလ၏ စဦးဆုံးအသီးအပွင့်များ တွင် ခန္တီးကျေးရွာရှိ ဆိုလာအသေးစားဓာတ်အား ပေးစနစ်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

 

ကိုးနှစ်တာအထိ ခရီးပေါက်ခဲ့ပြီ

ကမ္ဘာ့ဘဏ်အဖွဲ့နှင့် ဂျာမန်ဖွံ့ဖြိုးရေးဘဏ်(GIZ)တို့၏ အကူအညီဖြင့် စတင်လျှောက်လှမ်းခဲ့ရသော ခရီးသည် ယခုမူ ကိုးနှစ်တာအထိ ခရီးပေါက်ခဲ့ပြီဖြစ် သည့်အပြင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှစ၍ အကူအညီ မပါ  အစိုးရ - ပြည်သူ - ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု အင်အားတစ်ခုတည်းဖြင့် ရှေ့ဆက်လျှောက်လှမ်း ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ အသေးစား ဓာတ်အားပေးစနစ်လုပ်ငန်းပေါင်း ၁၃၀ ကို တိုင်း ဒေသကြီး/ ပြည်နယ် ၁၀ ခု၊ မြို့နယ်ပေါင်း ၅၀ အတွင်းရှိ ကျေးရွာပေါင်း ၁၇၁ ရွာ လျှပ်စစ်မီးရရှိ ရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ လျှပ်စစ်မီးရရှိမှုကြောင့် စီမံကိန်းကျေးရွာများတွင် ကြိတ်ခွဲစက်၊ ဆန်စက်၊ တွင်ခုံ၊ ရေခဲစက်၊ ပဂဲပကန်းမွေးမြူရေးလုပ်ငန်းများ၊ စက်ရက်ကန်း စသည်တို့ အပါအဝင် အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း ၃၀၀၀ ကျော် လုပ်ကိုင်နိုင်လျက်ရှိသည်ကို တွေ့ရပါသည်။

အသေးစားဓာတ်အားပေးစနစ်များ တည်ဆောက်ပေးရခြင်း၏ ရည်ရွယ်ရင်းကိုက စီမံကိန်းကျေးရွာ များတွင် ညအချိန် မီးအလင်းရောင်အတွက်သာမက အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေ ရေးအတွက်ဖြစ်သည်။ ထို့ကြောင့် စီမံကိန်းကျေးရွာ ရွေးချယ်သည့်အချိန်ကတည်းက အသေးစားစက်မှု လက်မှုလုပ်ငန်း ဆောင်ရွက်ရန်အလားအလာရှိသည့် ကျေးရွာများကို ဦးစားပေးရွေးချယ်ဆောင်ရွက်ခဲ့သည်။ အသေးစားဓာတ်အားပေးစနစ်များသည် အစိုးရ-ပြည်သူ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံသူ Mini-Grid Developer ၏ အကျိုးအမြတ်ပြန်လည်ရရှိနိုင်ခြေကို ထည့်သွင်းစဉ်းစားရ သကဲ့သို့ စနစ်ရေရှည်တည်တံ့ လည်ပတ်နိုင်ရန်အတွက် နှစ်ရှည်ကာလ ပြင်ဆင်ထိန်းသိမ်းမှုကုန်ကျ စရိတ်ကိုလည်း ထည့်သွင်းစဉ်းစားကြရပါသည်။

 

အပြန်အလှန်ချိတ်ဆက် လုပ်ငန်းကွင်းဆက်

ထို့ကြောင့် Developer ၏ အကျိုးအမြတ် ပြန်လည်ရရှိနိုင်မည့်ကာလ၊ လုပ်ငန်းလုပ်ကိုင်ခွင့် ကာလတို့အပေါ် မူတည်၍ သင့်တင့်လျောက်ပတ်သည့် ဓာတ်အားခကို သက်ဆိုင်ရာကျေးရွာနှင့် ညှိနှိုင်းသဘောတူညီချက်ရယူပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ကောက်ခံပါသည်။ အကျိုးအမြတ်ဖြစ်စေ၊ ပြင်ဆင် ထိန်းသိမ်းရေးအတွက်ဖြစ်စေ လုံလောက်သည့် ပမာဏ ပြန်လည်ရရှိရန်မှာ ဓာတ်အားခရရှိမှုအပေါ် မှီခိုအားပြုရခြင်းဖြစ်ရာ အိမ်သုံးထက် လုပ်ငန်းသုံး ပမာဏများပြားသည့် စီမံကိန်းကျေးရွာများသည်သာ ရေရှည်လုပ်ငန်းလည်ပတ် ရပ်တည်နိုင်မည်ဖြစ်သည်။

ထို့အတူ အပြန်အလှန်အားဖြင့် ကြည့်မည်ဆိုလျှင်လည်း လုပ်ငန်းလုပ်ကိုင်နိုင်သည့် ကျေးရွာများ ကသာ ဝင်ငွေတိုးပွားသည်နှင့်အမျှ လျှပ်စစ်မီးကို ပိုမိုသုံးစွဲလာနိုင်ပြီး လူနေမှုအဆင့်အတန်းပါ လိုက် ပါမြင့်တက်လာစေမည်ဖြစ်သည်။ မြို့ပြမှသာမဟုတ် ကျေးလက်သည်လည်း လျှပ်စစ်မီးရရှိမှသာ ဖွံ့ဖြိုးမှုဆီ ဦးတည်နိုင်မည်ဖြစ်ပါသည်။ လျှပ်စစ်မီးရရှိမှုသည် ကဏ္ဍစုံဖွံ့ဖြိုးရေးတွင် အခြေခံအကျဆုံး လိုအပ်ချက် ဖြစ်သည့်အတွက် ကျေးလက်ဒေသ လျှပ်စစ်မီးရရှိမှု တိုးမြင့်လာစေရေးသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် အဓိကကျသော လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ပါဝင်လာရခြင်း ဖြစ်ပါသည်။

ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိမှသာလျှင် အငယ်စား၊ အသေးစားနှင့် အလတ်စားစက်မှု လက်မှု လုပ်ငန်းများဖွံ့ဖြိုးလာပြီး ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးမှုမှတစ်ဆင့် ကျေးလက်ဒေသများ မြို့ပြနှင့်မခြား ဖွံ့ဖြိုးလာစေရေးကို ဦးတည်ဆောင်ရွက်သွားနိုင်မည်ဖြစ်ရာ ကဏ္ဍ တစ်ခုနှင့်တစ်ခုမှာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ လုပ်ငန်းကွင်းဆက် တစ်ခုနှင့်တစ်ခု ချိတ်ဆက် အကျိုးပြုလျက်ရှိပါသည်။ နိုင်ငံ၏ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီစေရန်မှာ ထိုသို့ လုပ်ငန်း ကွင်းဆက် တစ်ခုနှင့်တစ်ခု၏ ဆက်စပ်အကျိုးစီးပွားဖြစ်ထွန်း မှုများမှတစ်ဆင့်သာ လှမ်းတက်ကြရမည် ဖြစ်ပါသည်။

နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြခြင်းဖြစ်၍ ကျေးလက်ဒေသ များ လျှပ်စစ်မီးရရှိမှု တိုးမြင့်လာခြင်းသည် နိုင်ငံ၏လျှပ်စစ်စွမ်းအင်ရရှိမှုနှုန်း တိုးတက်လာမှုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိမည်ဖြစ်ပါသည်။ ပြီးခဲ့ သည့် ၂၀၂၃ ခုနှစ် နှစ်ကုန်အထိ ဦးစီးဌာန၏ တိုင်း ဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ ပြုစုခဲ့သည့် စာရင်းများအရ မဟာ ဓာတ်အားလိုင်းစနစ်၊ မဟာဓာတ်အားလိုင်းပြင်ပ စနစ်၊ ကိုယ်ထူကိုယ်ထ မီးလင်းရေး လုပ်ငန်းများ၊ ပုဂ္ဂလိကမှ ဆောင်ရွက်မှုများအပါအဝင် ကျေးရွာ ပေါင်း ၃၇၀၀၀ ကျော် လျှပ်စစ်မီး ရရှိပြီး ကျေးရွာပေါင်း ၂၃၀၀၀ နီးပါး မီးလင်းရန်ကျန်ရှိနေသေးသည်ကိုတွေ့ရှိရပါသည်။

 

လျှပ်စစ်မီးရရှိရေးအတွက် လက်ရှိဆောင်ရွက်နေမှု အခြေအနေ

လက်ရှိတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေးဒရဲမြို့နယ်နှင့် မြောင်းမြမြို့နယ်တို့ရှိ ကျေးရွာနှစ်ရွာတွင် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆိုလာ အသေးစား ဓာတ်အားပေးလုပ်ငန်း နှစ်ခု၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂)၊ (၂၀၂၃) တို့ဖြင့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာ သုံးရွာနှင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်း ဒေးဒရဲမြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် ဆိုလာအသေးစားဓာတ်အားလုပ်ငန်း လေးခု ဆောင်ရွက်လျက်ရှိသည်။ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ဧရာဝတီတိုင်းဒေသကြီး အတွင်း ကျေးရွာနှစ်ရွာတွင် ဆိုလာအသေးစား ဓာတ်အားပေးလုပ်ငန်း နှစ်ခု၊ ယခင် ဆောင်ရွက် ပြီးစီးခဲ့သည့် စီမံကိန်းလုပ်ငန်းများအနက်မှ တပ်ဆင်စွမ်းအား တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်သော ဆိုလာအသေးစားဓာတ်အားပေးစနစ် လုပ်ငန်း ငါးခုတို့အား တပ်ဆင်စွမ်းအား တိုးမြှင့်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

အလားတူ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံ၏စွမ်းအင်ရင်းမြစ်ရရှိမှုအပေါ် အခြေခံ၍ ရေအားလျှပ်စစ်ဖြင့်သာမက ဆိုလာ၊ လေအား၊ ဇီဝဒြပ်ထုတို့ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိ သည်ကို တွေ့ရပါသည်။ လက်ရှိတွင် မင်းဘူးနှင့် သပြေဝ အပါအဝင် ဆိုလာဓာတ်အားပေးစနစ် ခြောက်ခု ဆောင်ရွက်လျက်ရှိပြီး ၂၆ ခု ဆက်လက် ဆောင်ရွက်သွားရန် လျာထားစီစဉ်လျက် ရှိသည်ကို သိရှိရပါသည်။

 

ရည်မှန်းချက်နှင့် ကတိကဝတ်များ ပြည့်မီစေရေး ဆောင်ရွက်လျက်ရှိမှု

တစ်ဖက်တွင်လည်း ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်- ၇ (Sustainable Development Goal- 7 (SDG-7))၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း(၂၀၁၈-၂၀၃၀)၊ မြန်မာနိုင်ငံ အမျိုးသားအဆင့်ရာသီဥတုပြောင်းလဲမှု လျှော့ချရေး နှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ် (Nationally Determined Contributions- NDC) အစီရင်ခံစာပါ ကဏ္ဍအလိုက် ရည်မှန်းချက်များကဲ့သို့သော နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ရမည့် ရည်မှန်းချက် ပန်းတိုင်များ၊ ကတိကဝတ်များရှိနေ သည်။ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ပန်းတိုင်-၇ (Sustainable Development Goal- 7 (SDG-7))အရ မြန်မာနိုင်ငံ၏ အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံးလျှပ်စစ်ဓာတ်အားရရှိရေး မျှော်မှန်းချက်ကို ပြည့်မီနိုင်ရန်အတွက်ဆိုလျှင် နိုင်ငံ၏မြေမျက်နှာသွင်ပြင်အနေအထားအရ မဟာ ဓာတ်အားလိုင်း တိုးချဲ့ဆောင်ရွက်မှု တစ်ခုတည်းကိုသာ အားပြုထား၍မရ။

ထိုသို့ မဟာဓာတ်အားလိုင်းစနစ် တိုးချဲ့ဆောင်ရွက်ရန်အဆင်ပြေသည့် နယ်မြေဒေသများ နည်းတူ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ချိတ်ဆက်ရယူရန် အလှမ်းကွာဝေးသော ကျေးရွာ များ၊ မြစ်ခြား၊ ချောင်းခြား ကျွန်းကျေးရွာများ နောက်ကျ မကျန်ရစ်စေရန်ကိုလည်း ထည့်သွင်းစဉ်းစားကြရမည် ဖြစ်ပါသည်။

 

ကျေးရွာနေပြည်သူအများ လက်လှမ်းမီသည့် ယုံကြည်စိတ်ချရသောဓာတ်အားပေးစနစ်

နိုင်ငံ၏ မြေမျက်နှာသွင်ပြင်အနေအထားအရ နိုင်ငံတော်၏ ပင်မဓာတ်အားပေးစနစ်မှ လျှပ်စစ်မီး ချိတ်ဆက်ရယူရန် အလှမ်းကွာဝေးသော ကျေးရွာများ၊ မြစ်ခြား၊ ချောင်းခြား ကျွန်းကျေးရွာများ အတွက် မဟာဓာတ်အားလိုင်းပြင်ပစနစ် အသေးစား ဓာတ်အားပေးစနစ်သည် ကျေးရွာနေ ပြည်သူအများ လက်လှမ်းမီသည့် ယုံကြည်စိတ်ချရသော၊ တွန်းအားပေးဆောင်ရွက်သင့်သော စနစ်တစ်ခုဖြစ်ပါသည်။ အသေးစားဓာတ်အားပေးစနစ်များ ဆောင်ရွက်ရာတွင် မဟာ ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် Grid Ready Standard ဖြင့် ဆောင်ရွက်ထား ရှိခြင်းဖြစ်သည်ကတစ်ကြောင်း၊ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်၍ မဟာဓာတ်အားလိုင်းသို့ ဓာတ်အားပြန်လည်ရောင်းချခွင့်ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ကတည်းကပင် ခွင့်ပြုထားရှိပြီးဖြစ်၍တစ်ကြောင်း အသေးစား ဓာတ်အားပေးစနစ်များအနေဖြင့် လုပ်ငန်းအာမခံချက် ပိုမိုရရှိလာသည်ကိုလည်း တွေ့မြင်နေရပြီဖြစ်သည်။

ဓာတ်အားခနှုန်းထားအနေဖြင့်မူ မဟာဓာတ်အားလိုင်းနှင့် နှိုင်းစာလျှင်ကြီးမြင့်လျက်ရှိနေ သေးသည် မှန်သော်လည်း တည်ဆောက်ချိန်ကာလ တိုတောင်းပြီး အကျိုးရရှိမှုမြန်ဆန်ခြင်း၊ ကျေးရွာ များတွင် လျှပ်စစ်မီးရရှိမှုမှတစ်ဆင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်လာနိုင်သည့် အတွက် မိသားစုဝင်ငွေတိုးပွားလာပြီး စီးပွားရေးအရ တွက်ခြေကိုက်မှုရှိသည်ကို တွေ့ရှိရခြင်းတို့ကြောင့် ဆိုလာအသေးစားဓာတ်အားပေးစနစ်ကို လိုလိုချင်ချင် ဆောင်ရွက်လိုသည့် ကျေးရွာများ ပိုမိုများပြားလာသည်ကိုလည်း တွေ့ရှိရသည်။

နိုင်ငံ၏ အခြေခံရေသောက်မြစ်နှင့်တူသည့် ကျေးလက်ဒေသများ ဖွံ့ဖြိုးစေရေးတွင် အခြေခံ အကျဆုံးလိုအပ်ချက်သည် ကျေးလက်စီးပွား မြင့်မာ လာစေရေးဖြစ်ပြီး ကျေးလက်စီးပွား မြင့်မား လာစေရန်မှာ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ အသေးစားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်း များ ဖွံ့ဖြိုးလာမှသာ ဖြစ်ပါမည်။ သို့ဖြစ်ရာ အသေးစားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်း များ ဖွံ့ဖြိုးလာစေရေးအတွက် မရှိမဖြစ် လျှပ်စစ်မီးရရှိစေရေးအတွက် မဟာဓာတ်အားလိုင်း တိုးချဲ့ သွယ်တန်းသည့် စနစ်တစ်ခုတည်းသာမကဘဲ နယ်မြေဖြန့်ခွဲဓာတ်အားပေးစနစ် (Decentralized System)ခေါ် သီးခြားဓာတ်အားပေးစနစ်ဖြစ်သော မဟာဓာတ်အားလိုင်းပြင်ပ လျှပ်စစ်ဓာတ်အား ပေးစနစ်-အသေးစားဓာတ်အားပေးစနစ်များ ယခုထက် ပိုမိုဖွံ့ဖြိုးလာစေရေးကို အထူးတွန်းအားပေး ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတင်ပြ အပ်ပါသည်။