နေပြည်တော် ၂ ဇွန်
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Pact Myanmar အဖွဲ့တို့ ပူးပေါင်း၍ ကျေးလက်ဒေသများ အသေးစားဓာတ်အားစနစ် ဖွံ့ဖြိုးရေးကို အဓိကထားသည့် Smart Power Myanmar စီမံကိန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါစီမံကိန်းဆောင်ရွက်နိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် Pact Myanmar အဖွဲ့တို့သည် ၂၀၂၀ ခုနှစ် မေ ၂၁ ရက်က နားလည်မှု စာချွန်လွှာ(MoU) ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းကို Pact Myanmar အဖွဲ့ ထောက်ပံ့ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၉၇၅၀ဝ၀ ခန့်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီစီမံကိန်းက MoU ရေးထိုးတဲ့နေ့က စပြီး သုံးနှစ်တာကာလ သက်တမ်းရှိတဲ့ စီမံကိန်းဖြစ်ပါတယ်။ စီမံကိန်းဟာ အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (National Electrification Project-NEP) ရဲ့ အသေးစား ဓာတ်အားစနစ်နဲ့ ဆောင်ရွက်မယ့် ကျေးရွာတွေအတွက် ပါဝင်ဆောင်ရွက်သွားမယ့် စီမံကိန်း တစ်ခုဖြစ်ပါတယ်” ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း က ပြောပြသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် အသေးစားဓာတ်အားလိုင်း ချိတ်ဆက်ထားသော ကျေးရွာများတွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ချိတ်ဆက် အသုံးပြုမှု မြင့်တက်လာစေရန်၊ ငွေကြေး စီမံခန့်ခွဲမှုနှင့် ဒေသတွင်းစီးပွားရေးဆိုင်ရာ ဗဟုသုတ မြင့်တက်လာစေမည့် သင်တန်းများ ရရှိစေရန်၊ လျှပ်စစ်မီးကို လက်လှမ်းမီနိုင်ပြီး ကုန်ထုတ်လုပ်မှုနှင့် လူနေမှုအဆင့်အတန်း မြင့်တက်လာစေရန်၊ ကျေးလက် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများသည် လျှပ်စစ်မီး ရရှိရာမှတစ်ဆင့် ကုန်ထုတ်စွမ်းအား မြင့်တက်လာစေရန်၊ ဖြစ်နိုင်ချေရှိသော အသေးစားလုပ်ငန်းများကို ဖော်ဆောင်ပြီး စီးပွားရေးသုံး လျှပ်စစ်မီး သုံးစွဲသည့် ကဏ္ဍမြှင့်တင်ပေးရန်တို့ကိုလည်း Smart Power Myanmar စီမံကိန်းမှ တစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့ပြင် Smart Power Myanmar စီမံကိန်းတွင် လျှပ်စစ်စွမ်းအင် သုံးစွဲမှု လိုအင်ရှိနေ သည့် နေရာများကို ချိတ်ဆက်ပေးခြင်း၊ လျှပ်စစ်မီးသုံးစွဲလိုသည့် ကျေးလက်နေပြည်သူများအား ငွေကြေး အကူအညီ ပေးခြင်း၊ သုတေသနပြုခြင်းနှင့် အသိပညာမျှဝေခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် မူဝါဒရေးရာ အကြံဉာဏ်များပေးခြင်းတို့လည်း ပါဝင်မည် ဖြစ်သည်။
“ကျေးလက်နေ ပြည်သူတွေအနေနဲ့ အသေးစားစက်မှုလုပ်ငန်းလေးတွေ လုပ်ချင် တယ်။ အိမ်သုံး လျှပ်စစ်ပစ္စည်း ဝယ်ချင်တယ်။ လျှပ်စစ်စွမ်းအင် အသုံးပြုရမယ့် လုပ်ငန်းသုံး ပစ္စည်း ဝယ်ချင်တယ်။ ဒါပေမယ့် ငွေကြေး မလုံလောက်တဲ့ ကျေးလက်ပြည်သူ တွေအတွက် ချေးငွေ ထုတ်ချေး ပေးတာ၊ အသေးစား ချေးငွေဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပေးတာတွေ ပါဝင်မယ့် စီမံကိန်း အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ အသေးစား ဓာတ်အားစနစ် စီမံကိန်းကျေးရွာတွေမှာ လိုအပ်ချက်အပေါ် မူတည်ပြီး ဦးစားပေးဧရိယာ ရွေးချယ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက ပြောသည်။
မင်းမင်းဇော်၊ ဟန်နီဝင်း(သတင်းစဉ်)


