ကန်ပက်လက် ၈ ဒီဇင်ဘာ
ချင်းပြည်နယ် မင်းတပ်ခရိုင် ကန်ပက်လက်မြို့နယ် ကန်းလောင်းကျေးရွာအနီးတွင် တည်ဆောက်မည့် အသေးစား လေယာဉ်ကွင်းနေရာအား ဒီဇင်ဘာ ၇ ရက်က မြေပြင်ကွင်းဆင်း လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ယခုတည်ဆောက်မည့် အသေးစားလေယာဉ်ကွင်းမှာ ကန်ပက်လက်မြို့နှင့် ၆ မိုင်ခန့်ကွာဝေးပြီး အလျားပေ ၄၀၀၀ နှင့် အနံပေ ၃၀၀ ရှိကာ ရေမြေသဘာဝ၏ အခြေအနေပေးမှုအရ အသေးစားလေယာဉ်များ ရာသီမရွေး ဆင်းသက်နိုင်သဖြင့် လေယာဉ်ကွင်းတည်ဆောက်မှုကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေယာဉ်ကွင်း၏ မြေပြင်အနေအထား ဘေးပတ်ဝန်းကျင်၏ တောတောင်အခြေအနေတို့အား လာရောက်ကြည့်ရှုစစ်ဆေးရာသို့ မြန်မာ့လေကြောင်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဆွေလွင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကွီးထန်း၊ မင်းတပ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရသည်။
ချွဲကီး(ပြန်/ဆက်)