နေပြည်တော် ဒီဇင်ဘာ ၁၀

 

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးတို့ကို အထောက်အကူဖြစ်စေမည့် ဝင်ငွေနည်း ပြည်သူများ ငွေကြေးဝန်ဆောင်မှုကို လွယ်ကူသက်သာစွာရရှိရေးကို နိုင်ငံတော်မှ အလေးထား ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းစဉ်များ ကြီးကြပ်ကွပ်ကဲ အကောင်အထည်ဖော်ဆောင်ရွက် သည့် အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အသေးစားငွေရေး ကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က အသေးစားငွေရေးကြေးရေး လုပ်ငန်းဥပဒေကို ၂၀၁၁ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး နောက် ကျေးလက်နှင့် မြို့ပြနေဝင်ငွေနည်းပြည်သူများ၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် တရားဝင်ငွေကြေးဝန်ဆောင်မှုကို ကုန်ကျစရိတ်သက်သာစွာနှင့် လွယ်ကူစွာ ရရှိနိုင်ရေးအတွက် အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ ယခုအချိန်အထိ အသေးစားငွေရေး ကြေးရေးလုပ်ငန်း လုပ်ကိုင် ခွင့်ပြုပြီးသည့် INGO (၂) ဖွဲ့၊ NGO (၆) ဖွဲ့၊ ပြည်ပကုမ္ပဏီ (၅၃) ခု၊ ပြည်တွင်းကုမ္ပဏီ (၁၁၇) ခု၊ အစုစပ်ကုမ္ပဏီ (၈) ခု၊ စုစုပေါင်း (၁၈၆) ဖွဲ့ရှိနေပြီး မတည်ငွေရင်း ငွေကျပ် (၈၂၂ ဒသမ ၇၉၆) ဘီလီယံ၊ ထုတ်ချေးငွေ လက်ကျန် ကျပ် (၂,၄၃၃ ဒသမ ၇၉၃) ဘီလီယံဖြင့် တိုင်းဒေသကြီး/ ပြည်နယ် (၁၅) ခုရှိ မြို့နယ်ပေါင်း (၂၅၉) မြို့နယ်၊ ရပ်ကွက် (၂,၁၇၂) ရပ်ကွက်၊ ကျေးရွာပေါင်း (၂၇,၂၃၆) ရွာရှိ အသင်းဝင်ဦးရေ (၅ ဒသမ ၅၀၈) သန်းကို ငွေကြေးဝန်ဆောင်မှု ပေးလျက် ရှိကြောင်း၊ အသေးစားငွေရေးကြေးရေး လုပ်ငန်းကဏ္ဍအနေဖြင့် အရွယ်ရောက်ပြီး သူဦးရေ၏ (၁၆ ဒသမ ၀၆) ရာခိုင်နှုန်းကို ငွေကြေးဝန်ဆောင်မှုပေး နိုင်သည့်အခြေအနေဖြစ်ကြောင်း။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လုပ်ငန်းများ ပုံမှန်မဆောင်ရွက်နိုင်စဉ်ကာလ အတွင်း COVID-19 Economic Relief Plan (CERP) အရ မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများသို့ စီးပွားရေးချေးငွေ (Commercial Loan) ကာလတို (၃) နှစ် ချေးငွေထုတ်ချေးခြင်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အခြေတကျဆိုင်ဖွင့်ရောင်းချလျက် ရှိသော လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်ငယ်များသို့ အထူးသက်သာသောအတိုးနှုန်းဖြင့် ချေးငွေ ထုတ်ချေးခြင်း၊ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလတွင် ထိခိုက်မှု အများဆုံးဖြစ်ခဲ့သည့် ပဲခူးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လုပ်ငန်းလုပ်ကိုင်နေသည့် အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ရွှေ့ဆိုင်းချေးငွေများ ထုတ်ချေးပေးခဲ့ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း။

 

အဆိုပါချေးငွေများရယူထားသည့် အသေးစားငွေရေးကြေးရေးအဖွဲ့ အစည်းများအနေဖြင့် သတ်မှတ် ကာလအတွင်း ချေးငွေပြန်လည်ပေးဆပ်ရာတွင် အခြေအနေလိုအပ်ချက်အရ ချေးငွေသက်တမ်း တိုးမြှင့်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေး လုပ်ငန်းများ ကူညီရေးအသင်းအနေဖြင့်လည်း အသေးစားငွေရေး ကြေးရေးအဖွဲ့အစည်းများ လုပ်ငန်း ဆောင်ရွက်ရာတွင် တွေ့ကြုံရသောအခက်အခဲများကို မြေပြင်လက်ရှိအခြေအနေများနှင့် ပေါင်းစပ် ညှိနှိုင်းဖြေရှင်းပေးရန် လိုအပ်ပါကြောင်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ ရေရှည်ရပ်တည်ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီကြရန် ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၊ ဒုတိယဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး  ဦးမောင်မောင်ဝင်းက  အသေးစားငွေ ရေးကြေးရေး လုပ်ငန်းကဏ္ဍ၏ လက်ရှိလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

 

ထို့နောက် အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ ငွေရေး ကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က အသေးစားငွေရေး ကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီသို့တင်ပြသည့် လိုင်စင်လျှောက်ထားမှုများ၊ အမြဲတမ်းလိုင်စင် ထုတ်ပေးရေး၊ အပ်ငွေလက်ခံသည့် အသေးစားငွေရေးကြေးရေးအဖွဲ့ အစည်းအဖြစ်ခွင့်ပြုရေး စသည့် ဆုံးဖြတ်ရန်အချက်များနှင့် မှတ်တမ်းတင်ရန်အချက်များကို တင်ပြသည်။

 

ယင်းနောက် မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးလုပ်ငန်းများ ကူညီရေးအသင်းက  အသေးစား ငွေရေးကြေးရေးလုပ်ငန်း အဖွဲ့အစည်းများကြုံတွေ့ရသော အခက်အခဲများ၊ ဖြေရှင်းဆောင်ရွက်ပေး ရန်လိုအပ်သည့်အချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များက အသေးစားငွေရေး ကြေးရေးလုပ်ငန်းဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှ တင်ပြထားသည့် အဆိုပြုချက်များအပေါ် အသေးစိတ်ညှိနှိုင်းဆွေးနွေးကြပြီး ကော်မတီမှ စိစစ်သုံးသပ် ဆောင်ရွက် ပေးသည်။

 

ထို့နောက် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိဂုံးချုပ်ပြောကြားရာတွင် အသေးစား ငွေရေးလုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် လူထုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် ချေးငွေများ ထုတ်ချေးရာတွင် သတ်မှတ်စည်းမျဉ်းစည်း ကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးရန် လိုကြောင်း၊ ငွေချေးယူသူများအနေဖြင့်လည်း ချေးယူထား သည့်ချေးငွေများအား သတ်မှတ်ချိန်အတွင်း ပြန်လည်ပေးဆပ်နိုင်ရေးအတွက် သက်ဆိုင်ရာ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများက ကြုံတွေ့နေရသည့်အခြေအနေများအား ဆက်စပ်စဉ်းစား၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပြည်သူလူထုအတွက် အထောက်အကူဖြစ်စေမည့် အသေးစားငွေရေး ကြေးရေးလုပ်ငန်းများဖြစ်စေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)