ရန်ကုန် ၇ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငွေကြေးချို့တဲ့သော နေရာဒေသနေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆေးဝါးများ လှူဒါန်းခြင်းကို အောက်တိုဘာ ၄ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte Hotel ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးဝါးများ လှူဒါန်းခြင်းကို Ashro Myanmar မှ လှူဒါန်းခြင်းဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က လှူဒါန်းသော ကျပ်သိန်း ၁၀ဝ တန်ဖိုးရှိ ဆေးဝါးများကို လက်ခံရယူခဲ့ သည်။
"ကျွန်တော်တို့ အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အခုလို ဆေးလှူဒါန်းခြင်းဖြင့် အစိုးရအဖွဲ့ကတစ်ဆင့် လိုအပ်တဲ့နေရာမှာ ဆေးဝါးတွေ သုံးစွဲနိုင်အောင် ငွေကြေးချို့တဲ့လူတွေ ရောဂါဖြစ်ပွားတဲ့အခါမှာ ဆေးဝါးတွေ အသုံးပြု ကုသနိုင်အောင်ကုသိုလ်ပြုတာပါ။ ဆေးအမျိုးအစားတွေကတော့ အစိုးရအဖွဲ့အနေနဲ့ သူတို့လိုအပ်သလို ရွေးချယ်နိုင်ပါတယ်"ဟု ဆေးအလှူရှင် ဥက္ကဋ္ဌ ဦးအရှော့ကူးမားက ပြောသည်။
Ashro Myanmar သည် မြန်မာပြည်တွင်းသို့ ရောဂါမျိုးစုံ ကုသနိုင်ရန် ပြည်ပနိုင်ငံ အသီးသီးမှ အဆင့်မြင့် ဆေးဝါးများ တင်သွင်းနေသည့် ဆေးကုမ္ပဏီကြီးဖြစ်ပြီး ယခုနှစ် အောက်တိုဘာတွင် (၂၅)နှစ်ပြည့် ငွေရတုတိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းရှိ ဆရာဝန်များအတွက်လည်း ဆေးပညာများ စဉ်ဆက်မပျက် ပြန့်ပွားရေးအတွက် လေ့ကျင့်ပေးမှုများကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆောင်ရွက်ပေးနေကြောင်း ဆေးလှူဒါန်းပွဲမှ သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)


