နေပြည်တော် ၂၉ ဇူလိုင်
(၂၄)ကြိမ်မြောက် Asia Cross Country Rally (AXCR) 2019 နိုင်ငံဖြတ်ကျော် ခရီးကြမ်း ကားမောင်းပြိုင်ပွဲအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကားမောင်းပြိုင်ပွဲ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီတို့မှ တာဝန်ရှိသူများ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များ၊ ပြိုင်ပွဲဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်သည့် Bright View Travels and Tours Co.,Ltd နှင့် Myanmar Motorsports Organization (MMSO) တို့မှ အုပ်ချုပ်မှု ဒါရိုက်တာနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ယခုကျင်းပမည့်(၂၄)ကြိမ်မြောက် Asia Cross Country Rally (AXCR) 2019 နိုင်ငံဖြတ်ကျော် ခရီးကြမ်းကားမောင်းပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး အောင်အောင်မြင်မြင်နှင့် အခက်အခဲမရှိ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခေါ်ယူခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ကားမောင်းပြိုင်ပွဲကို မြန်မာနိုင်ငံတွင် လက်ခံကျင်းပနိုင်ရန် Bright View Travels and Tours Co.,Ltd နှင့် Myanmar Motorsports Organization (MMSO) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ပြိုင်ပွဲဝင်နိုင်ငံ (၁၄) နိုင်ငံမှ နိုင်ငံသား (၄၁၉) ဦးနှင့် မော်တော်ယာဉ် (၁၂၀) စီး၊ မော်တော်ဆိုင်ကယ် (၃၇) စီးတို့ဖြင့် မြန်မာနိုင်ငံမြဝတီနယ်စပ်ဂိတ်မှ သြဂုတ် ၁၂ ရက်မှစတင်၍ အသီးသီးဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့ကို ဖြတ်သန်းမောင်းနှင်ကာ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပြိုင်ပွဲပြီးဆုံးမည်ဖြစ်ပြီး သြဂုတ် ၁၈ ရက်တွင် မြဝတီ နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဟုသိရပါကြောင်း၊ ခရီးသွားကုမ္ပဏီ အနေဖြင့်ကားမောင်း ပြိုင်ပွဲနှင့်စပ်လျဉ်း၍ ခရီးစဉ်တစ်လျှောက် အန္တရာယ်ကင်းရှင်းရေး၊ အဆင်ပြေချောမွေ့ စေရေးအတွက်လုပ်ငန်း စီမံချက်အသေးစိတ်ရေးဆွဲဆောင်ရွက်ရန်နှင့် ခရီးစဉ်တစ်လျှောက် သက်ဆိုင်ရာ ဒေသများအလိုက်သတ်မှတ် ပြဋ္ဌာန်းထားသည့် ညွှန်ကြားချက်များနှင့် အညီတိကျစွာ လိုက်နာဆောင်ရွက် နိုင်ရေး အထူးအလေးထား ရန်၊ ပြိုင်ပွဲခရီးစဉ်မှတ်တမ်းဗွီဒီယို (Documentary) အား စနစ်တကျမှတ်တမ်း တင်ရိုက်ကူးပြီး ဝန်ကြီးဌာန Website မှတဆင့် လွှင့်တင်ကြော်ငြာနိုင်ရေးဆောင်ရွက်ရန်၊ အစည်းအဝေးတက် ရောက်လာသည့်သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးမှ ကားမောင်းပြိုင်ပွဲ အဆင်ပြေချော မွေ့စွာ ဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သည်များ ဝိုင်းဝန်းကူညီပံ့ပိုးပေးရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ကားမောင်းပြိုင်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြပြီး Bright View Travels and Tours Co.,Ltd နှင့် Myanmar Motorsports Organization (MMSO) မှ အုပ်ချုပ်မှု ဒါရိုက်တာတို့က နိုင်ငံဖြတ်ကျော် ခရီးကြမ်းကားမောင်းပြိုင်ပွဲနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တက်ရောက် လာကြသည့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူတို့က ပြည်ဝင်ခွင့်ဆိုင်ရာကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


