နေပြည်တော် ၁၆ ဇန်နဝါရီ

 

ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲများကို နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများ၌ ကျင်းပပြုလုပ်နေသည်ကို မြင်တွေ့ နေရသည်။ စာပေပွဲတော်ဟုဆိုသော်လည်း အသိပညာပေးပြခန်းများ၊ ပညာရေးဆိုင်ရာ ပြခန်းများ၊ ဒေသအလိုက် ထွက်ကုန်များနှင့် ထုတ်ကုန် ပြခန်းများ ပါဝင်သည့်အပြင် စာပေဟောပြောပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ် ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာအုပ်အရောင်းပွဲတို့သာမက လက်မှု အနုပညာပြိုင်ပွဲများပါ ပါဝင်သဖြင့် ကလေးများအတွက်သာမက လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံထောင့်စုံ ထူးခြားသည့်အစီအစဉ်ဟု ဆိုနိုင်သည်။

 

အဓိကမှာ ကလေးများ စာပေတွင်ပျော်မွေ့၍ စာပေဖတ်ရှုလိုစိတ်များ ရှင်သန်ထွန်းကားစေရေးဖြစ်ပြီး ထိုအရေးသည် တစ်တိုင်းပြည်လုံး အရေးဖြစ်၍ မိဘ၊ ဆရာ၊ အများပြည်သူတို့နှင့် သက်ဆိုင်သူများအားလုံး အားတက်သရောဖြင့် တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကို ပြသလိုက်ခြင်း သဘောဖြစ်သည်။ လတ်တလောတွင် ဒေသတစ်ခွင်၌ စည်ကားသိုက်မြိုက်ပျော်ရွှင်မှုကို ဖြစ်ပေါ်စေပြီး ရေရှည်တွင် ကလေးငယ်များ စုပေါင်းလုပ်ဆောင်လိုစိတ်၊ စုပေါင်းပါဝင်လိုစိတ်များ ရှင်သန် ထွန်းကား၍ ပါဝင်ယှဉ်ပြိုင်လိုမှု၊ အသိပညာဗဟုသုတ ရှာဖွေလိုမှု၊ စာပေကိုချစ်မြတ်နိုးမှု၊ စာဖတ်ဝါသနာပါမှုတို့ တိုးတက်ဖြစ်ထွန်းကာ နိုင်ငံ နှင့် ပြည်သူကို အကျိုးပြုသော သားကောင်းရတနာများ ဖြစ်ပေါ်လာရေးကို ရည်ရွယ်ပေသည်။

 

မျက်မှောက်ကာလကဲ့သို့ နည်းပညာနှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန် အဟုန်ဖြင့် တိုးတက်ထွန်းကားနေသောကာလတွင် ကလေးများအတွက် စစ်မှန်သည့် ရည်ရွယ်ချက်လမ်းကြောင်း ခြေခြေမြစ်မြစ်ရှိရန် လိုအပ်နေသည်။ ကလေးများလမ်းကြောင်း မမှားစေရန် အထူးလိုအပ်နေသောအချိန် ကာလဖြစ်၍ မှန်ကန်တည့်မတ်သောလမ်းကြောင်းတွင် ကလေးများ စိတ်ဝင်တစားဖြင့် တကြွ်ကလှုပ်ရှားပါဝင်လာရန် လိုအပ်သည်။ ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းသောအားဖြင့် ယခုကဲ့သို့ ကလေးစာပေပွဲတော်များ အနယ်နယ်အရပ်ရပ်တွင် စဉ်ဆက်မပြတ် ကျင်းပပေးနေသည်မှာ လျော်ကန်သင့်မြတ်ပေသည်။

 

ယနေ့မျက်မှောက်ကာလ၌ မွေးဖွားလာသော ကလေးငယ်များသည် ယခင်ခေတ်ကာလက မွေးဖွားကြီးပြင်းခဲ့သော ကလေးများဘဝနှင့် လားလားမျှ မတူချေ။ ခေတ်မျိုးစေ့သစ်၏ လွှမ်းမိုးမှုဖြင့် ရှင်သန်ပေါက်ဖွားလာကြသော လူငယ်များဖြစ်သည်။ တိုးတက်ဖြစ်ထွန်းမှု မြန်ဆန်နေသော ခေတ်တွင် ခေတ်နှင့်လူသားအရင်းအမြစ်ကို မျက်ခြည်ပြတ်၍ မရချေ။ မျက်ခြည်ပြတ်သည်နှင့် လမ်းကြောင်းမှားကာ နိုင်ငံ၏အနာဂတ်နှင့် ကလေးများ၏အနာဂတ်အတွက် ရင်လေးဖွယ်ရာဖြစ်နိုင်သည်ကို ဆင်ခြင်ရမည်ဖြစ်သည်။

 

ထို့ကြောင့် လမ်းကြောင်းမှန်ကို စစ်မှန်သောစာပေမှ ဆောင်ကြဉ်း ပေးနိုင်သည်ဖြစ်၍ ပြုစုပျိုးထောင်ရလွယ်ကူသော ကလေးငယ်များ စာပေဖတ်ရှုခြင်း၊ စာပေမြတ်နိုးခြင်းအလေ့အထများ စွဲမြဲအောင် စည်းရုံး လှုပ်ရှား ဆောင်ရွက်ကြရသည်ကို မိဘပြည်သူများ နားလည်လက်ခံ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အထူးလိုအပ်ပေသည်။ ကမ္ဘာ့အမြင် ကျယ်ပြန့်လာသဖြင့် ကလေးအမြင်များလည်း ကျယ်ပြန့်လာအောင် ဖန်တီး ဖော်ဆောင်ပေးရမည် ဖြစ်သည်။ ယနေ့ကလေးများသည် အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူမည့်သူများ ဖြစ်သည်။ လွဲမှားသောအသိအမြင်များ စွဲမြဲသွားပြီးဖြစ်ပါက မည်သို့မျှတည့်မတ်၍ ရမည်မဟုတ်သဖြင့် မှန်ကန် သောအသိအမြင်များကို နုနယ်ဖူးပွင့်နေဆဲ ကလေးများအား မွန်မြတ် သောစေတနာဖြင့် လက်ဆင့်ကမ်းပေးဝေရခြင်းဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်၏အနာဂတ် ကောင်းမွန်ရေးနှင့် မျိုးဆက်သစ် လူငယ်များ၏အနာဂတ် တောက်ပြောင်ရေးအတွက် စိတ်ကူးစိတ်သန်းနှင့် အကြံဉာဏ်ကောင်းများစွာပါဝင်သည့် ကလေးစာပေပွဲတော်များ အောင်မြင်စွာ ကျင်းပရေးကို ဝိုင်းဝန်းကူညီအားပေးပြီး ကလေးငယ်များ သာမက ပြည်သူများပါ အကျိုးရှိသည့် အသိပညာဖွံ့ဖြိုးရေးလှုပ်ရှားမှုများအား စဉ်ဆက်မပြတ် ဆက်လက် ရှင်သန်အောင် ကြိုးပမ်းဆောင်ရွက်ကြ ပါရန် တိုက်တွန်းအပ်ပါသည်။

 

ကြေးမုံ