တွံတေး အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အထက် ကျောင်းသား/ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အောင်မြင်စွာထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်မြင့်က တွံတေးမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းအဆင့် အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူ ၈၆၃၁ ဦးရှိပြီး ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်းများ ပေါင်းလျှင် ကျောင်းသား/ ကျောင်းသူ ၇၀၀၀ ခန့်နှင့် အစိုးရကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးပညာကျောင်းတွင် စာရင်းမပါသော ကလေးများကိုလည်း နောက်လတွင် ထိုးပေးသွားမှာဖြစ်ကြောင်း၊ စုရပ်အဖြစ် အထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)၊ အလယ်တန်း ကျောင်းများတွင် စုရပ်ပြုလုပ်၍ တစ်စုရပ်ကို ကျောင်းသား/ ကျောင်းသူ ၃၀၀ ထိုးပေးမည်ဖြစ်ပြီး (၃) ရက်နှင့်အပြီး ထိုးနှံပေးမည်ဖြစ်ကာ ကျန်းမာရေးမှ လာရောက်ဆေးထိုးနှံပေးမည့် အဖွဲ့များကိုလည်း အဖွဲ့များခွဲ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပညာရေးဌာနမှ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မြချို၊ မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဦးလှစိုးတို့က လုပ်ငန်းစီမံ ဆောင်ရွက်ထားမှုအား ရှင်းလင်းတင်ပြကြပြီး တွံ့တေးမြို့နယ် လူမှုကူညီရေးအသင်း မဇ္စျိမအသင်းမှ တာဝန်ရှိသူ ဦးသန်းဦးကလည်း ပရဟိတလူငယ်များ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ကြသည်။
အသက် ၁၂ နှစ်အထက် ကျောင်းသား/ ကျောင်းသူများ ဆေးထိုးမည့်ရက်အား ကြိုတင်၍ အများပြည်သူ သိရှိနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ရပ်ကွက်/ ကျေးရွာ စာသင်ကျောင်းများ၌ အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)