သရက်ချောင်း ၂၄ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၌ သရက်ချောင်းဒေသ ဖွံ့ဖြိုးရေးစီမံချက် ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်မှု ကာလအတွင်း ၁၈ နှစ်အောက် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ညနေပိုင်းက သင်းကျွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ (သုမနသိရီဓမ္မာရုံ) ၌ ပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု ကာလအတွင်း စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေမှုကို တစ်ဖက်တစ်လမ်းမှ အဆင်ပြေကြစေရန် ရည်ရွယ်၍ ဝေါလ်ဗွီရှင် (မြန်မာ) မှ သရက်ချောင်းဒေသ ဖွံ့ဖြိုးရေးစီမံချက် မန်နေဂျာ စောစိုးချစ်ဦးနှင့် ဝန်ထမ်းများက ဆန်၊ ဆီထောက်ပံ့ခြင်းဖြစ်သည်။
ထောက်ပံ့ပေးအပ်ရာတွင် သင်းကျွန်းကျေးရွာရှိ အသက် ၁၈ နှစ် အောက်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများရှိသည့် နေအိမ် ၆၅ အိမ်သို့ တစ်အိမ်လျှင် ဆန် ၁၂ ပြည်၊ ဆီတစ်လီတာစီကို ထောက်ပံ့ပေးခဲ့ကြသည်။
ယင်းသို့ထောက်ပံ့ခြင်းကို သရက်ချောင်းမြို့နယ်ရှိ ဝေါလ်ဗွီရှင် စီမံချက် ကျေးရွာ ၃၂ ရွာရှိ နေအိမ် (၁၀၀၀) ကျော်ခန့်အား ကျေးရွာများအရောက် ဆက်လက် ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးချစ်ဦး(ပြန်/ဆက်)


