ဘရပ်ဆဲလ်   ဇန်နဝါရီ   ၂၃

လေယာဉ်ဖြင့် တစ်ကိုယ်တော်ကမ္ဘာပတ်ခဲ့သည့် အသက် ၁၉ နှစ်အရွယ် ဘယ်လ်ဂျီယံနိုင်ငံသူ ဇာရာရူသာဖို့ဒ်သည် ၎င်း၏ ခရီးစဉ်ကို ဇန်နဝါရီ ၂၀ ရက်က အဆုံးသတ်ခဲ့ကြောင်း သိရသည်။

၎င်းသည် ဘယ်လ်ဂျီယံနိုင်ငံမှ ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက အပေါ့စားလေယာဉ်ဖြင့် စတင်ခရီးထွက်ခဲ့ပြီး ခရီးစဉ်အတွင်း တိုက်ကြီးငါးတိုက်ရှိ နိုင်ငံပေါင်း ၅၂ နိုင်ငံအား ဖြတ်သန်းသွားခဲ့ကြောင်း ဂရင်းနစ်မှတ်တမ်းအရသိရသည်။

အစပိုင်းတွင် ၎င်း၏ခရီးစဉ်ကို သုံးလအတွင်းအပြီးသတ်ရန် စီစဉ်ခဲ့သော်လည်း ရာသီဥတုဆိုးရွားမှုနှင့် ဖြတ်သန်းရာနိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များကြောင့် နိုင်ငံများအတွင်း ဝင်ခွင့်ရရှိရန် ကြန့်ကြာမှုများရှိခဲ့သဖြင့် အချိန်ငါးလကြာမြင့်ခဲ့သည်။

၎င်းသည် လေယာဉ်မောင်းနှင်ရာတွင် မြင်ကွင်းရှင်းလင်းစေရန်အတွက် နေ့ပိုင်းအချိန်တွင်သာ ပျံသန်းခဲ့ကြောင်း သိရသည်။ ၎င်း၏ အနာဂတ်ရည်မှန်းချက်မှာ အာကာသယာဉ်မှူး ဖြစ်လာရန်ဖြစ်ကြောင်း သိရသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်- စိုးသူရ